ရိုဟင်ဂျာ တစ်ရာကျော် ထိုင်းမှာ ဖမ်းမိ
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကလို့ယူဆရတဲ့ ရိုဟင်ဂျာ တစ်ရာကျော်ကို ထိုင်းနိုင်ငံ တောင်ပိုင်း Songkhla ခရိုင်မှာ မနေ့က ဖမ်းမိလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။
-
2015-05-08 -
-
-
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကလို့ယူဆရတဲ့ ရိုဟင်ဂျာ ၁ ရာကျော်ကို ထိုင်းနိုင်ငံ တောင်ပိုင်း Songkhla ခရိုင်မှာ မနေ့က ဖမ်းမိလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။
သူတို့ကို လူမှောင်ခိုသမားတွေကခေါ်လာပြီး၊ တောထဲမှာထားပစ်ခဲ့တာလို့ ရဲကပြောပါတယ်။
အခုလိုဒေသတွင်းဖြစ်နေတဲ့ လူမှောင်ခိုပြဿနာအတွက် ဒီလကုန်လောက်မှာ ထိုင်း၊ မလေးရှားနဲ့ မြန်မာနိုင်ငံ သုံးပွင့် ဆိုင်ဆွေးနွေးအဖြေရှာဖို့ ထိုင်းစစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ချန်အိုချာက ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။
ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နာမည်ကျော်လူမှောင်ခိုသမား ၃ ယောက်ကို အသေဖမ်းဆီးမိလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က မနေ့ကပြောလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့နီးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားပြည်နယ် တက်ခ်နက်ဖ်မြို့မှာ အဲ့ဒီ လူမှောင်ခိုဂိုဏ်းကို သတင်းအရ ရဲကဝင်ရောက်စီးနင်းရှာဖွေရာမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အဲ့ဒီလူမှောင်ခိုသမား ၃ ယောက်ကို အသေဖမ်းမိလိုက်တာ လို့ ပြောပါတယ်။
သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက ထောင်နဲ့ချီတဲ့လူတွေကို ပင်လယ်ဖြတ်သယ်ဆောင်ပြီး ထိုင်းနဲ့ မလေးရှားကို ပို့နေတဲ့လူတွေလို့ ရဲတပ်ဖွဲ့ သံသယဖြစ်ထားတာပါ။
သစ်သားကိုယ်ထည်နဲ့ ဆောက်လုပ်ထားတဲ့ မော်တော်တွေကို ငါးဖမ်းသင်္ဘောအသွင်ဆောင်ပြီး တစ်စီးမှာ လူ ၅ဝ လောက်ခေါ်သွားတယ်လို့ ဆိုပါတယ်။ သယ်ယူပို့ဆောင်ခအတွက် တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၂၅ဝ ကျော်နဲ့ညီမျှတဲ့ ဘင်္ဂလားဒေ့ရှ်တာကာငွေ ၂ သောင်းလောက် ယူလေ့ရှိတယ်လို့လည်း ရဲအရာရှိကပြောပါတယ်။