ပြည်တွင်းစစ်ဆိုးကျိုး လျော့ပါးအောင် ကူညီကြဖို့ ICG တိုက်တွန်း
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချုပ်ငြိမ်းပြီး ပြည်တွင်းမငြိမ်မသက်မှု အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ရှိနေမယ့် အလားအလာကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဆိုးကျိုး လျော့ပါးသက်သာရေးကို အာရုံစိုက်ကြဖို့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) က တိုက်တွန်းလိုက်ပါတယ်။
"အာဏာသိမ်းမှုကြောင့် လှုပ်ခတ်သွားတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားအရေးပဋိပက္ခ" ဆိုတဲ့အမည်နဲ့ အစီရင်ခံစာတစ်စောင်ကို ICG အဖွဲ့က ၂၀၂၂ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က NUG စင်ပြိုင်အစိုးရကို အကူအညီပေးနေကြသလို တချို့ကတော့ ခပ်ကင်းကင်းနေကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။ NUG နဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ပတ်သက်လို့ အဖွဲ့အစည်းတချို့အတွင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အများစုဟာ အာဏာသိမ်းစစ်တပ်ကို ရန်သူလို သဘောထားဆက်ဆံလေ့ရှိပေမယ့် မြန်မာစစ်တပ် အလွယ်တကူ ပြိုလဲသွားဖို့ မရှိသေးဘူးလို့လည်း ရှုမြင်ကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီဘက်ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တတ်နိုင်သလောက် တိုက်ပွဲမဖြစ်အောင်၊ တိုင်းရင်းသားတွေနဲ့ NUG အစိုးရ မဟာမိတ်ဖြစ်မသွားအောင် ကြိုးပမ်းနေတယ်လို့ အစီရင်ခံစာက ရှုမြင်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီနဲ့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေဟာ တစ်ဘက်ကိုတစ်ဘက် အပြုတ်တိုက်ချေမှုန်းနိုင်တဲ့ အလားအလာမရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ကာလရှည်ကြာ စစ်ရေးပဋိပက္ခ ကြုံတွေ့လာရနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
ဒါကြောင့် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အသစ်တွေ လက်မှတ်ထိုးအောင် ဖိအားမပေးကြဖို့၊ အလှူရှင်တွေအနေနဲ့လည်း မအောင်မြင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီနေမယ့်အစား ပဋိပက္ခဒေသအတွင်းက ပြည်သူတွေကို ကူညီကြဖို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။
ဒီအလှူရှင်တွေအနေနဲ့ NUG အစိုးရအပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေ၊ ဒေသခံအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးကြဖို့၊ CRPH/NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက နိုင်ငံရေးဆွေးနွေးမှု အရေးပါပုံကို အသိအမှတ်ပြုပြီး ကျန်းမာရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးကြဖို့လည်း ICG ရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။