နမ့်စန်မှာ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ဖမ်းမိ

RFA Burmese
2024.01.26
နမ့်စန်မှာ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ဖမ်းမိ နမ့်စန်မြို့အတွင်း ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို စစ်ကောင်စီဘက်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ထားစဥ်။
People Media

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မှာ တရားမဝင် ဝင်ရောက်ခိုလှုံနေတဲ့ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို ဇန်နဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၂၆ ရက်နေ့မှာထုတ်ပြန်ပါတယ်။

အမျိုးသား ၁၀၀၂ ဦးနဲ့ အမျိုးသမီး ၃၆ ဦးဖြစ်ပြီး၊ သူတို့ကို နမ့်စန်မြို့ နေရာသုံးခုကနေ ဖမ်းဆီးရမိတာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖမ်းမိတဲ့အထဲက တရုတ်နိုင်ငံသား နှစ်ရာကျော်ကို နမ့်စန်မြို့ အားကစားကွင်းထဲမှာ ယာယီ နေရာချထားတာ တွေ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“မိုးလုံလေလုံ အားကစားကွင်းထဲမှာတော့ လူနှစ်ရာလောက်ရှိတယ် ဖမ်းထားတာ။ ကျန်တဲ့လူတွေတော့ ဘယ်မှာထားတယ် မသိရဘူး။ တရုတ်နိုင်ငံသားတွေပဲ အားလုံးက”

အဲဒီတရုတ်နိုင်ငံသားတွေဟာ လောက်ကိုင်၊ တာချီလိတ်နဲ့ မိုင်းလားဒေသက တရုတ် ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းမှုနဲ့တိုက်ပွဲတွေကြောင့် နမ့်စန်ကို ထွက်ပြေးလာတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်သူတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုဖမ်းမိတဲ့ တရုတ်နိုင်ငံသား ၁၀၃၈ ဦးကို ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းနဲ့ တရုတ်နယ်စပ်က အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်နှိမ်နင်းဖို့ တရုတ်နိုင်ငံဘက်က ၂၀၂၃ သြဂုတ်လမှာ စတင် ဆောင်ရွက်ခဲ့ပါတယ်။ “ဝ” နဲ့ မိုင်းလားဒေသက ငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်တဲ့ တရုတ်နိုင်ငံသားတွေကို ပထမဦးဆုံး စတင် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာ ၂၇ ရက်ကစလို့ ကိုးကန့်ဒေသမှာ ငွေလိမ်ဂိုဏ်းနှိမ်နင်းမှုနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့တိုက်ပွဲတွေ နှစ်လကျော် ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ကိုးကန့်ဒေသမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် အပါအဝင် ဆယ်ဦးကို အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်နေ့ကတည်းက ဖမ်းဝရမ်း ထုတ်ထားပါတယ်။

ဒီအချက်တွေကြောင့် ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား ထောင်နဲ့ချီပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသအတွင်းပိုင်းတွေအထိ ထွက်ပြေးလာတယ်လို့ အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့ဖူးသူတချို့က RFA ကိုပြောပါတယ်။

၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီး သံသယရှိသူ လေးသောင်းကျော်ကို တရုတ်နိုင်ငံက လွှဲပြောင်း လက်ခံခဲ့တယ်လို့ တရုတ်အစိုးရပိုင် CCTV ရုပ်သံသတင်းက ဇန်နဝါရီ ၅ ရက်နေ့ကဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။