တရုတ်ပြည်က တရားမဝင် သယ်ဆောင်လာတဲ့ အေးခဲ အသားတွေ ဖျက်ဆီး

တရုတ်ပြည်ကနေ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် သယ်ဆောင်လာတဲ့ ခန့်မှန်း ကျပ်သိန်းပေါင်း ၆၀ ကျော်တန်ဖိုးရှိတဲ့ ကြက်ဥ၊ ဘဲဥနဲ့ အေးခဲ ကြက်သားတွေကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အကောက်ခွန်ဦးစီးဋ္ဌာနရုံးမှာ ဒီကနေ့ ဖျက်ဆီးခဲ့ပါတယ်။

မြစ်ကြီးနားမြို့နယ် အကောက်ခွန် ဦးစီးဋ္ဌာနရုံးမှာ တရုတ်ပြည်ကနေ တရားမဝင် သယ်ဆောင်ခဲ့တဲ့ ကြက်ဥ၊ ဘဲဥနဲ့ အေးခဲကြက် သားတွေကို မတ်လ ၂၀ ရက်နေ့က ဖျက်ဆီးနေစဉ် Photo: Kyaw Myo Min/ RFA

တရုတ်ပြည်ကနေ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် သယ်ဆောင်လာတဲ့ ခန့်မှန်း ကျပ်သိန်းပေါင်း ၆၀ ကျော် တန်ဖိုးရှိတဲ့ ကြက်ဥ၊ ဘဲဥ နဲ့ အေးခဲကြက်သားတွေ ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အကောက်ခွန်ဦးစီးဋ္ဌာန ရုံးမှာ ဒီကနေ့ ဖျက်ဆီးခဲ့ပါတယ်။

အဲဒီလိုတရားမဝင်ပစ္စည်းတွေကို မသယ်ယူဖို့ လုပ်ငန်းရှင်တွေကိုလည်း အသိပေးအကြောင်းကြားထားတယ် လို့ မြစ်ကြီးနားမြို့နယ် အကောက်ခွန်ဦးစီးဋ္ဌာနမှူး ဦးမြင့်နိုင်ဋ္ဌေး က ပြောပါတယ်။

"ကျနော်တို့ဖျက်ဆီးလိုက်တာ ခန့်မှန်းတန်ဖိုး ၆၂၁၈၀၀၀ ဖြစ်ပါတယ်၊ အများပြည်သူ စားသုံးရန် မသင့်တော်တဲ့အတွက်ကြောင့် ဒါတွေကို မသယ်ဆောင်ဖို့ လုပ်ငန်းရှင်တွေကိုချပြပြီးဖြစ်ပါတယ်"

အဲဒီကြက်ဥ၊ ဘဲဥနဲ့ အေးခဲသားတွေကို ဒီလ ၉ ရက်နေ့က ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအနီးမှာ ဖမ်းဆီးရမိ ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေတဲ့ အခြေအနေကနေ မြန်မာနိုင်ငံဘက် ကူးစက်ပြန့်ပွားမှုမရှိစေဖို့ အတွက် ကြက်ငှက် တိရစ္ဆာန်ထွက်ကုန်နဲ့ တားမြစ်ပစ္စည်းတွေကို ဖမ်းဆီးနေတာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီး ဦးဝေလင်း က RFA ကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဗန်းမော်ခရိုင်အတွင်းမှာ တရုတ်ပြည်ကနေ တရားမဝင်သယ်ဆောင်လာတဲ့ ကြက်အကောင်ပေါက်၊ ကြက်ဥ၊ ဘဲဥ စတဲ့ ကြက်ငှက် တိရိစ္ဆာန်ထွက်ပစ္စည်းတွေကို ဖမ်းမိခဲ့ပါတယ်။

အများပြည်သူ ဘေးဥပါဒ် ဖြစ်စေတဲ့ အစားအသောက်နဲ့ လူသုံးပစ္စည်းအပါအဝင် တရားမဝင် တားမြစ်ကုန် ပစ္စည်းတွေကို တရုတ်နိုင်ငံကနေမတင်သွင်းဖို့ နဲ့ တင်သွင်းလာသူတွေကို အရေးယူဖို့ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်းတွေမှာလည်း ဗီနိုင်းပိုစတာတွေနဲ့ စိုက်ထူအသိပေးထားပါတယ်။

လူကို သေစေနိုင်တဲ့အထိ အန္တရာယ်ရှိတဲ့ တိရိစ္ဆာန်ထွက် ပစ္စည်းနဲ့ စားသောက်ကုန်မျိုးစုံ အပါအဝင် အရည်အသွေး မမီတဲ့ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံ စတဲ့ထုတ်ကုန်ပစ္စည်းတွေဟာ လွန်ခဲ့တဲ့နှစ်များစွာကတည်းက တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို တရားမဝင် နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်နေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org