တရုတ်ကဝင်လာတဲ့ ကြက်သားတွေကို ဖမ်းဆီး
2017.03.09

တရုတ်နိုင်ငံကနေ နယ်စပ်ဖြတ်ကျော် တရားမဝင်တင်သွင်းလာပြီး ကာလတန်ဖိုးကျပ်သိန်း ၆၀ ကျော်ရှိတဲ့ ကြက်ဥ နဲ့ အေးခဲကြက်သားတွေကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအနီးမှာ ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေတဲ့ အခြေအနေကနေ မြန်မာနိုင်ငံဘက် ကူးစက်ပြန့်ပွားမှု မရှိစေဖို့ အတွက် ကြက်ငှက် တိရိစ္ဆာန်ထွက်ကုန်နဲ့ တားမြစ်ပစ္စည်းတွေကို ဖမ်းဆီးနေတာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီး ဦးဝေလင်း က ပြောပါတယ်။
"စုစုပေါင်း ကြက်ဥ အလုံးရေပေါင်း ၈၂၁၂၀ လုံး၊ ဆေးဘဲဥပေါင်း ၁၈ဝဝ လုံး၊ ကြက်ပေါင် ၄၀၅၀ အထုပ်ကို ဖမ်းဆီးရမိပါတယ်၊ စုစုပေါင်း ငွေကြေးတန်ဖိုး ကာလတန်ဖိုး ၆၂၁၈ဝဝ၀ ဖိုး ဖမ်းဆီးရမိခြင်းဖြစ်ပါတယ်"
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဗန်မော်ခရိုင်မှာ တရုတ်နိုင်ငံက တရားမဝင်တင်သွင်းလာတဲ့ ကြက်သားပေါက် အကောင် နှစ်ရာကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အသိပညာပေးကာလအတွင်း ဖမ်းဆီးရမိတဲ့ တရုတ်ကြက်ဥနဲ့ အေးခဲကြက်သားအပါအဝင် တိရိစ္ဆာန်ထွက် ပစ္စည်းတွေကို ဖျက်ဆီးသွားမှာဖြစ်ပြီး လူတွေကိုတော့ လောလောဆယ်မှာ အရေးယူတာမရှိသေးဘူးလို့ ဝန်ကြီး ဦးဝေလင်း က ပြောပါတယ်။
အစိုးရအသစ်တက်လာတဲ့ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၂၀၁၇ ခုနှစ် ဇန်နဝါရီ လကုန် အထိတော့ တရုတ်နိုင်ငံကနေဝင်ရောက်လာတဲ့ တရားမဝင် တားမြစ်ကုန်ပစ္စည်းမျိုးစုံကို ဖမ်းဆီးအရေးယူတာတွေ မဆောင်ရွက်နိုင်ခဲ့ဘူးလို့သိရပါတယ်။
အများပြည်သူစားသုံးရင် ဘေးဥပါဒ် ဖြစ်စေတဲ့ အစားအသောက်နဲ့ လူသုံးပစ္စည်းအပါအဝင် တရားမဝင် တားမြစ် ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံကနေမတင်သွင်းဖို့နဲ့ တင်သွင်းလာသူတွေကို အရေးယူဖို့ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်းတွေမှာလည်း ဗီနိုင်းပိုစတာတွေနဲ့ စိုက်ထူအသိပေးထားပါတယ်။
လူကို သေစေနိုင်တဲ့အထိ အန္တယ်ရာယ်ရှိတဲ့ တိရိစ္ဆာထွက် ပစ္စည်းနဲ့ စားသောက်ကုန်မျိုးစုံ အပါအဝင် အရည်အသွေး မမီတဲ့ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံ စတဲ့ထုတ်ကုန်ပစ္စည်းတွေဟာ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို တရားမဝင် နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်နေတာဖြစ်ပါတယ်။