အိန္ဒိယထွက်ပြေးတဲ့ စစ်သားတွေနဲ့ ရခိုင်မှာ အင်အားဖြည့်ဖို့ စီစဉ်နေ
2024.01.23

အိန္ဒိယကို ထွက်ပြေးသွားခဲ့တဲ့ စစ်သားတွေကို စစ်ကောင်စီက ပြန်ခေါ်ယူပြီး အဲဒီထဲက တချို့ကို ရခိုင် ပြည်နယ်က စစ်မျက်နှာတွေမှာ အင်အားဖြည့်ဖို့ စီစဉ်နေတယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဇန်နဝါရီ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီ စစ်ကောင်စီတပ်သားတွေဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲမှာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့သူတွေ ဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဖော်ပြပါတယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်ဟာ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နဲ့ မြေပုံမြို့နယ်တွေမှာ စစ်အင်အားတိုးချဲ့မှုတွေ လုပ်ဆောင်လာတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သွားရောက် ခေါ်ဆောင်တဲ့ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဟာ မီဇိုရမ်ပြည်နယ်မှာ ပြေးလမ်းချော်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။