အင်းဒင်ကိစ္စ ကျူးလွန်သူများကို လိုအပ်သလို အရေးယူဖို့ ပြည်ထဲရေးကို ညွှန်ကြား
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ မွတ်စလင် အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံခဲ့ရမှုနဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ တပ်မတော်သား ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ဒေသခံ ၆ ဦး ကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနထံ အကြောင်းကြားထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ဒီနေ့ ပြောပါတယ်။
-
2018-02-11 -
-
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ မွတ်စလင် အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံခဲ့ရမှုနဲ့ ပါဝင် ပတ်သက်ခဲ့တဲ့ တပ်မတော်သား ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ဒေသခံ ၆ ဦး ကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနထံ အကြောင်းကြားထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ဒီနေ့ ပြောပါတယ်။
တပ်မတော်သား ၇ ဦး ကို တပ်မတော် လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဘက်ဆိုင်ရာခုံရုံးကနေ အရေးယူသွားမှာဖြစ်ပြီး ကျန်တဲ့သူတွေကို အရပ်ဘက်ဥပဒေနဲ့အညီ အရေးယူဖို့ အကြောင်းကြားထားတာလို့ ဦးဇော်ဌေး က ပြောပါတယ်။
"ပါဝင်ပတ်သက်တဲ့သူပေါ့နော်၊ တပ်မတော်က အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦး ပေါင်း ၇ ဦး၊ ရဲက ၃ ဦး နောက် ရွာသား ၆ ဦး ပေါင်း ၁၆ ဦး ပါဝင်ပတ်သက်မှုရှိတယ်ဆိုတာ ဖော်ထုတ်လို့ရတယ်၊ တပ်မတော်က ၇ ဦးကို တပ်မတော် လုပ်ထုံးလုပ်နည်းနဲ့အညီပေါ့နော်၊ သက်သေခံအကျဉ်းချုပ် ယူတယ်ပေါ့နော်၊ ယူပြီးရင်တော့ ကျနော်တို့ စစ်ဘက်ဆိုင်ရာတရားရုံးနဲ့ ဆက်ပြီးတော့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ပါဝင်ပတ်သက်တယ်ဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၆ ဦး၊ ဒီ ၉ ယောက်ကိုတော့ အရေးယူနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားထားပါတယ်"
အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မောင်တောဒေသကို သတင်းမီဒီယာတွေ လွတ်လပ် စွာ ဝင်ထွက်သွားလာနိုင်ခွင့်ပေးဖို့ အစိုးရဘက်က စဉ်းစားနေတာတွေရှိကြောင်းနဲ့ သတင်းမီဒီယာတွေ အနေနဲ့ နှစ်ဖက်မျှမျှတတ သတင်းရေးသားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရက အဆင်သင့်ဖြစ်နေပြီဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဘက် ပြန်လာဖို့ ဦးဆောင်သူနှစ်ဦးကို ARSA အကြမ်းဖက်အဖွဲ့ဝင်တွေက သတ်ပြီး နှစ်နိုင်ငံလွှဲပြောင်းရေး လုပ်ငန်းစဉ် ကြန့်ကြာပျက်ဆီးအောင် ခြိမ်းခြောက် လုပ်ဆောင်နေတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်ပြီး နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ဘင်္ဂလားဒေ့ရှ်ဘက် က ဒုက္ခ သည်တွေကို မြန်မာအစိုးရက ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်ပြီလို့ ကြေညာထားပေမယ့် ဒီနေ့အထိ ပြန်လာသူ တစ်ဦးမှ မရှိသေးပါဘူး။
မြန်မာနိုင်ငံဘက်မှာ ကျန်ရှိနေသူတွေကိုလည်း မနေရဲအောင် အကြမ်းဖက် အဖွဲ့ဝင်တွေက ခြိမ်းခြောက် ပြောဆိုထား တဲ့ အထောက်အထားတွေကို အစိုးရဘက်က ရရှိထားတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။