အင်းဒင်ရွာလူသတ်မှု အရာရှိနဲ့စစ်သည် ၇ ဦးကို ပြစ်ဒဏ်ချမှတ်
2018.04.10

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီးမှာ ဘင်္ဂါလီ ၁ဝ ဦးကို ရွာသားတချို့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်လို့ အရာရှိနဲ့စစ်သည် ၇ ဦးကို ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ်လ ၁ဝ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
တပ်မတော်အက်ဥပဒေပုဒ်မ (၇၁) အရ နယ်ဘက်ပြစ်မှုတစ်ရပ်ဖြစ်တဲ့ လူသတ်မှုကို ကျူးလွန်ရာမှာ ပူးပေါင်းပါဝင်ခဲ့ကြောင်း တွေ့ရတဲ့အတွက် “အရာရှိ ၄ ဦးအား ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်စေရန်၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန်၊ အခြားအဆင့်စစ်သည် ၃ ဦးအား တပ်သားအဆင့်လျော့ချ၍ အမြဲတမ်းထုတ်ပစ်ရန်၊ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ဝ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန်” ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
အင်းဒင်ရွာလူသတ်မှုနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့ကနေ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ တပ်မတော်အရာရှိ၊ စစ်သည် ၂၁ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၃ ဦး၊ အမှတ် (၈) လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ၆ ဦးနဲ့၊ အင်းဒင်ရွာသား ၆ ဦးတို့ကို စစ်ဆေးမေးမြန်း ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့ကြသူတွေထဲက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းတွေနဲ့အညီ အရေးယူဆဲဖြစ်ကြောင်း၊ တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေကို လိုက်နာရတဲ့ တပ်မတော်အရာရှိ၊ စစ်သည် ၇ ဦးကို အခုလိုအရေးယူလိုက်တာ ဖြစ်ကြောင်းလည်း ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။