ကျောက်စိမ်းဖိနပ်စက်ရုံက အလုပ်သမား ဆန္ဒပြမှု ပြေလည်မှုရရှိ
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက်မှုဇုန် ကျောက်စိမ်း ဖိနပ်စက်ရုံက ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင် ညှိနှိုင်းဆွေးနွေးမှု ဒီနေ့ ပြေလည်သွားပြီလို့ သိရပါတယ်။
-
2018-12-15 -
-
-
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက်မှုဇုန် ကျောက်စိမ်း ဖိနပ်စက်ရုံက ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင် ညှိနှိုင်းဆွေးနွေးမှု ဒီနေ့ ပြေလည်သွားပြီလို့ သိရပါတယ်။
ဒီကနေ့ နေ့လယ်က အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ညှိနှိုင်းဆွေးနွေးပွဲမှာ ဖိနပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ လည်း လာရောက်ညှိနိုင်းပေးခဲ့တာလို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ ဦးဇော်ဇော်အောင် က ပြောပါတယ်။
အလုပ်သမားတွေ တောင်းဆိုနေတဲ့ အချက် ၉ ချက်ထဲက နှစ်တိုးကြေးပေးဖို့ တောင်းဆိုချက်ကို အလုပ်သမားတွေက ပယ်ဖျက်ပေးလိုက်သလို အလုပ်ရှင်ဘက်ကလည်း လုပ်ငန်းကျွမ်းကျင်ကြေးတွေပေးဖို့ သဘောတူလိုက်တယ်လို့ သိရပါတယ်။
လုပ်ငန်းကျွမ်းကျင်ကြေးတွေကို အလုပ်သမားသမဂ္ဂ၊ အလုပ်သမား ကိုယ်စားလှယ်၊ အလုပ်ရှင် ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး သတ်မှတ်ကာလ၊ အရည်အချင်းအလိုက် အဆင့် ခွဲခြားသတ်မှတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အလုပ်ထုတ်လိုက်တဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေကို အလုပ်ပြန်ခန့်ပေးဖို့၊ အလုပ်သမားဥပဒေပါ အချက်တွေအတိုင်း ဆေးခွင့်၊ လုပ်သက်ခွင့်တွေပေးဖို့၊ ကြိုပို့ယာဉ်တွေကို လုံလုံလောက်လောက် စီစဉ်ပေးဖို့၊ စက်ရုံအတွင်းမှာ အိမ်သာတွေ မလုံလောက်တာ၊ ရေမလုံလောက်တာတွေကို စီစဉ်ပေးဖို့ အပါအဝင် အချက် ၉ ချက်ကို ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီး အလုပ်သမား ၃၅၀ လောက်က ၁ ပတ်နီးပါးကြာ ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေထဲက နှစ်တိုးကြေးပေးဖို့ဆိုတဲ့အချက်ကလွဲပြီး ကျန်တဲ့အချက်တွေကို အလုပ်ရှင်က သဘောတူလိုက်တာကြောင့် နှစ်ဘက် ပြေလည်မှု ရရှိသွားတာ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။