ဖိနပ်စက်ရုံက ဆန္ဒပြအလုပ်သမားကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင်ကိုယ်စားလှယ် ဆွေးနွေး
2018.12.12

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံ စက်မှုဇုန်ထဲက ကျောက်စိမ်းဖိနပ်စက်ရုံမှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ ဆွေးနွေးခဲ့ပေမယ့် နှစ်စဉ်ကြေးနဲ့ ကျွမ်းကျင်ကြေး ပေးဖို့အချက်တွေကတော့ ညှိနိုင်းလို့ မရသေးဘူးလို့ သိရပါတယ်။
ဒီကနေ့ တွေ့ဆုံညှိနိုင်းပွဲမှာ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအဖွဲ့ က တာဝန်ရှိသူတွေက တောင်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေထဲက အလုပ်ထုတ်လိုက်တဲ့ အလုပ်သမားသမဂ္ဂဝင် တစ်ယောက်ကို ပြန်ခန့်ပေးဖို့၊ အကြိုအပို့ ဖယ်ရီကားတွေ လုံလုံလောက်လောက် စီစဉ်ဖို့ အပါအဝင် အလုပ်သမား ဥပဒေပါ အချက်တွေကို အလုပ်ရှင်ဘက်က လိုက်နာဖို့ သဘောတူပေမယ့် နှစ်စဉ်ကြေး ၂ သောင်းနဲ့ ကျွမ်းကျင်ကြေး ၂ သောင်း ပေးဖို့အတွက်ကိုတော့ ညှိနှိုင်းမရသေးဘဲ မနက်ဖြန်မှ ဆက်ပြီးညှိနှိုင်းမယ်လို့ သိရပါတယ်။
အလုပ်ထုတ်လိုက်တဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ပြန်ခန့်ပေးဖို့၊ အလုပ်သမားဥပဒေပါ အချက်တွေ အတိုင်း ဆေးခွင့်၊ လုပ်သက်ခွင့်ရက်တွေပေးဖို့၊ ကြိုပို့ယာဉ်တွေကို လုံလုံလောက်လောက် စီစဉ်ပေးဖို့၊ စက်ရုံအတွင်းမှာ အိမ်သာတွေမလုံလောက်တာ၊ ရေမလုံလောက်တာတွေကို စီစဉ်ပေးဖို့ အချက်တွေ အပါဝင် အချက် ၉ ချက်ကို ဒီဇင်ဘာ ၁၀ ရက်ကစပြီး အလုပ်သမား ၃၅၀ လောက်က ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။