မြန်မာကို လေယာဉ်ဆီ ပိတ်ဆို့ရေးမူချမှတ်ဖို့ အမေရိကန်ကို အရပ်ဘက်အဖွဲ့နှစ်ခု တိုက်တွန်း

မြန်မာနိုင်ငံအပေါ် လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ရေး ချမှတ် ပြဋ္ဌာန်းဖို့ အမေရိကန်အစိုးရကို အရပ်ဘက်အဖွဲ့ အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီအား လေယာဥ်ဆီရောင်းချပေးနေသည့် ကုမ္ပဏီများအား ပိတ်ပင်တားဆီးရေး လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှ ဦးဆောင်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ Blood Money - Photo

မြန်မာနိုင်ငံအပေါ် လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ရေး ချမှတ် ပြဋ္ဌာန်းဖို့ အမေရိကန်အစိုးရကို အရပ်ဘက်အဖွဲ့ အစည်းတွေဖြစ်တဲ့ Justice For Myanmar နဲ့ The Sentry တို့က ဇူလိုင် ၉ ရက်နေ့မှာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

တရုတ်အလံတင်သင်္ဘော HUITONG78၊ ရေနံသိုလှောင်ရေး ဆိပ်ကမ်းလုပ်ကိုင်တဲ့ ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. အပါအဝင် စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချရာမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ဆိုပြီး တောင်းဆိုလိုက်တာဖြစ်ပါတယ်။

တရုတ်အလံတင်သင်္ဘော HUITONG78၊ ရေနံသိုလှောင်ရေး ဆိပ်ကမ်းလုပ်ကိုင်တဲ့ ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. တို့ဟာ စစ်ကောင်စီ ဒဏ်ခံပိတ်ဆိုမှု မခံရဖို့ လေယာဉ်ဆီ ကြားဖြတ်တင်ပို့ ရောင်းချပေးနေတဲ့ အဓိက အဖွဲ့အစည်းနှစ်ခုဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) အခုနှစ် ဇန်နဝါရီလထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လေယာဉ်ဆီကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ချမှတ်ထားပြီးနောက်ပိုင်း တစ်နှစ်နီးပါးကြာမြင့်လာတဲ့အထိ လေယာဉ်ဆီဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေကို ထပ်မံချမှတ်တာ မရှိသေးဘူးလို့လည်း ဖော်ပြပါတယ်။

The Sentry အဖွဲ့ရဲ့ တရားမဝင်ငွေကြေးဆိုင်ရာ မူဝါဒ ဒါရိုက်တာ အိုလီဗာ ဝင်းဒရစ်ဂျ်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ဟန်ပြသက်သက်မဟုတ်ဘဲ စစ်ကောင်စီလေတပ်ကို အားပေးကူညီနေသူတွေကို မဖြစ်မနေ ဒဏ်ခတ်ပိတ်ဆို့ရမယ်လို့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း အမေရိကန် အစိုးရအနေနဲ့ HUITONG78၊ Hai Linh Co. Ltd. နဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတဲ့ ကုမ္ပဏီတွေ အားလုံးအပေါ် ပြတ်သားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ လိုအပ်နေပြီလို့ ပြောထားပါတယ်။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org