မဲဆောက်မှာ မြန်မာဘက်က စက်သုံးဆီ ဝယ်သူများလို့ ဆီဆိုင်တချို့ပိတ်

RFA Burmese
2025.02.11
မဲဆောက်မှာ မြန်မာဘက်က စက်သုံးဆီ ဝယ်သူများလို့ ဆီဆိုင်တချို့ပိတ် ကရင်ပြည်နယ် မြဝတီမြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်နှင့် လောင်စာဆီတင်သွင်းမှု ရပ်ဆိုင်းလိုက်သဖြင့် လောင်စာဆီတန်းစီနေသည့် ဆိုင်ကယ်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာနိုင်ငံဘက်က စက်သုံးဆီဝယ်ယူတဲ့ ယာဉ်တွေများနေတာကြောင့် ဆီဆိုင်တချို့ ပိတ်ထားတယ်လို့ မဲဆောက်မြို့ကို ရောက်နေတဲ့ မြ၀တီမြို့ခံတချို့က ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပြောပါတယ်။

မြဝတီမြို့မှာ စက်ဆုံးဆီတွေ ရှားပါးပြတ်လပ်နေတာကြောင့် မြို့ခံတွေဟာ မဲဆောက်မြို့ဘက်ကို သွားရောက်ဝယ်ယူကြတာပါ။

နှစ်နိုင်ငံနယ်စပ်ဂိတ်မှာ မဲဆောက်ဘက်ကိုသွားမဲ့ မော်တော်ယာဉ် ရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ မြဝတီမြို့ခံ တစ်ဦးက ပြောပါတယ်။

“မဲဆောက်မှာ ဆီဆိုင်တွေက မနက်ပိုင်း ခဏပဲဖွင့်ပေးတယ်။ မနေ့ကဆိုရင် မဲဆောက်က ထိုင်းလူမျိုးတွေက သူတို့တွေ ဆီမရလို့ဆိုပြီး လိုင်းပေါ်တင်လိုက်တယ်။ အဲဒါ ခဏဆို ဆီဆိုင်တွေ ပိတ်သွားတယ်။ ဒီနေ့လည်း မြဝတီကနေ မဲဆောက်ကို ဆီတန်းနေတဲ့ ကားရာနဲ့ချီရှိတယ်”

ထိုင်း-မြန်မာ နယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကို တိုက်ဖျက်ဖို့အတွက် ထိုင်းနိုင်ငံဘက်က မြန်မာနယ်စပ်မှာရှိတဲ့ မြဝတီ၊ ရွှေကုက္ကိုလ်၊ တာချီလိတ် အပါအဝင် နေရာ ငါးနေရာကို ဇန်နဝါရီလ ၅ ရက်နေ့ကတည်းက စက်သုံးဆီ၊ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာပါ။

နယ်စပ် တရားမဝင်လမ်းကြောင်းတွေကနေ စက်သုံးဆီ မှောင်ခိုသယ်ဆောင်တဲ့သူတွေကိုလည်း ထိုင်းအစိုးရဘက်က ဖမ်းဆီးတာတွေ လုပ်နေပါတယ်။ စစ်ကောင်စီဘက်ကလည်း ဇန်နဝါရီလ ၇ ရက်နေ့ကစပြီး မြဝတီမြို့ကို စက်သုံးဆီ သယ်ဆောင်ခွင့် ပိတ်ပင်ထားပါတယ်။

ဒါကြောင့် မြဝတီမြို့မှာ စက်သုံးဆီ ရှားပါးပြတ်လပ်နေပြီး ဓာတ်ဆီ တစ်လီတာကို မြန်မာငွေ နှစ်သောင်းကျပ်နီးပါးအထိ ဈေးတက်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ စက်သုံးဆီအပြင် လျှပ်စစ်မီးပါ မရတာကြောင့် သောက်သုံးရေရရှိရေး အပါအဝင် ဌာနဆိုင်ရာ ယန္တရားတွေ လည်ပတ်နိုင်ဖို့ပါ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။