သတင်းထောက်တွေရဲ့ ထောင် ဒဏ်များလွန်းကြောင်း ဒေါ်အောင် ဆန်းစုကြည် ဝေဖန်

ယူနတီဂျာနယ်က ယူနတီဂျာနယ်က သတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက် တာဟာ များလွန်းကြောင်းနဲ့ ပြန်လည် သုံးသပ်ဖို့ လို အပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့က ပခုက္ကူမြို့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည် ဟောပြောစဉ် Photo: Myo Thant Khaing, Nay Thwae/RFA

ယူနတီဂျာနယ်က သတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာဟာ များလွန်းကြောင်း နဲ့ ပြန် လည်သုံးသပ်ဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြော လိုက်ပါတယ်။

ဒီနေ့ မကွေးတိုင်း ပခုက္ကူမြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်ကောက်ခံပွဲ မှာ ဒေသခံတစ်ဦးက ယူနတီဂျာနယ်က သတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ်ချခံ ရတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို ဖြေကြားခဲ့တာပါ။

"ကျမအနေနဲ့တော့ ဒီထောင်ဒဏ် ၁၀ နှစ်ချတယ် ဆိုတာ အင်မတန်မှလည်း လွန်တယ်လို့ ကျမ ထင်ပါတယ်၊ ဒါကတော့ ကျမတို့ ဥပဒေအရ ပြန် ပြီးတော့ သုံးသပ်ရဦးမှာပေါ့နော်၊ ကျမစိုးရိမ်တာ ဒီလိုပါ၊ ဒီမိုကရေစီ ပြုပြင်လဲရေးကို လုပ်နေတယ်ဆို ပြီးတော့ ဒီသတင်းထောက်တွေရဲ့ လုပ်ပိုင်ခွင့်တွေကို  ချုပ်ထိန်းလာတယ်ဆိုလို့ရှိရင် ကျမတို့ စဉ်းစားစရာပဲ၊ ဒါပေမဲ့ နှိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ ဆိုင်တယ်လို့ ပြောပါတယ်၊ လုံခြုံရေးနဲ့ ဆိုင်တယ်ဆိုတာကို ကျမ လက်မခံ လို့တော့ မဟုတ်ပါဘူး၊ ဒီမိုကရေစီစနစ်အောက်မှာဆိုရင် လုံခြုံရေးနဲ့ လွတ်လပ်ရေးနှစ်ခုဟာ ချိန်ခွင်လျှာ ညီမျှနေရမယ်၊ လုံခြုံရေး လုံခြုံရေးဆိုပြီးတော့ လွတ်လပ်ရေးတွေကို ကန့်သတ်လို့ မဖြစ်ဘူး၊ လွတ်လပ်ရေး လွတ်လပ်ရေးဆိုပြီးတော့ လုံခြုံရေးကို လျစ်လျူရှှုလို့လည်းမဖြစ်ဘူး၊ ဒီနှစ်ခုဟာ ချိန်ခွင်လျှာ ညီမျှနေရမယ်"

ဒါ့အပြင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတ တဲ့ ရွှေးကောက်ပွဲ ဖြစ်မှာမဟုတ်သလို NLD နေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကိုရည်ရွယ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လုပ်ဆောင်နေတာမဟုတ်ဘဲ နောင်လာမယ့်မျိုးဆက်ရဲ့ အနာဂါတ်အတွက် ပြင်ဆင်ချင်တာဖြစ် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် မိမိတို့ရဲ့ရပ်တည်ချက်ကို မဲဆန္ဒရှင်ပြည်သူတွေ သိအောင် ဖေါ်ထုတ်ပေးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပူးပေါင်းကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်ကောက်ခံပွဲကို မကွေးတိုင်း ပခုက္ကူမြို့ အနီးတဝိုက်က ဒေသခံ လူ ၁ သိန်းကျော် တက်ရောက်ခဲ့ပါတယ်။

ပခုက္ကူမြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ဟောပြောချက်တွေကို RFA သတင်းထောက် ကိုမျိုးဇော်ကို ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org