သံဖြူဇရပ်မြို့နယ် ဝါခရုရွာမှာ ရိုဟင်ဂျာ ၁၁၇ ဦး ဖမ်းဆီးခံရ
2024.01.24

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝါခရုရွာ ရော်ဘာခြံထဲက ရိုဟင်ဂျာ ၁၁၇ ဦးကို ဇန်နဝါရီ ၂၄ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရိုဟင်ဂျာ ၁၁၇ ဦးထဲမှာ ကလေးငယ် ကိုးဦး၊ အမျိုးသမီး ငါးဆယ်နဲ့ အမျိုးသား ၅၈ ဦးတို့ပါဝင်ပြီး သူတို့ကို စက်သစ်ရပ်ကွက် အားကစားခန်းမထဲမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ဒီရိုဟင်ဂျာတွေ ဘယ်ကလာတယ်၊ ဘယ်ကိုသွားမယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“လတ်တလောတော့ သူတို့ကို သံဖြူဇရပ်ရဲစခန်းက စစ်ဆေးနေတုန်းပဲကြားတယ်။ ဗမာစကား နားမလည်ကြဘူး။ ရော်ဘာခြစ်ဖို့ သွားတဲ့ဒေသခံတွေ တွေ့ရင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားတာကနေ ဖမ်းမိတာ။ ဘေးမှာကလည်း ဝါခရုချောင်းရှိတော့ ရေကြောင်းကနေ လာတယ်လို့ ပြောကြတယ်”
မွန်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဒေါက်တာ အောင်မြတ်ကျော်စိန်ကတော့ ရိုဟင်ဂျာတွေကို စစ်ဆေးနေတယ်လို့ RFA ကိုပြောပါတယ်။
“ဖမ်းဆီးထားတာ ၁၁၇ ဦးပါ။ လိုအပ်တဲ့စစ်ကြောရေးတွေ လုပ်နေပါတယ်။ ဘယ်ကလာလဲ၊ ဘယ်လိုလာသလဲဆိုတာကို မေးမြန်းနေပါတယ်။ သူတို့ဝင်လာတဲ့ လမ်းကြောင်းတွေတော့ ရှိမှာပေါ့။ ဒါကိုသိရဖို့ မေးနေပါတယ်”
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ကတော့ ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ စွန့်စားထွက်ခွာရင်း သေဆုံး၊ ပျောက်ဆုံးရတဲ့ ရိုဟင်ဂျာ အနည်းဆုံး ၅၆၉ ဦး ရှိတယ်လို့ ဇန်နဝါရီလ ၂၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။