မြန်မာကို စစ်လက်နက်ပိတ်ဆို့အရေးယူဖို့ Fortify Rights တိုက်တွန်း
မြန်မာစစ်တပ်ဟာ ကုလအဖွဲ့ဝင်နိုင်ငံတွေဆီက ရရှိနေတဲ့ စစ်လက်နက်တွေနဲ့ အရပ်သားတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို တိုက်ခိုက်နေပြီး အရေးယူခံရမှုကနေ ကင်းလွတ်ခွင့် ရနေတယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-10-12 -
-
-
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ စစ်လက်နက်ပိတ်ဆို့အရေးယူမှုမှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အမြန်ဆုံး ပူးပေါင်းပါဝင်ကြဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က အောက်တိုဘာလ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဆီက ရရှိနေတဲ့ စစ်လက်နက်တွေနဲ့ အရပ်သားတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဆက်လက် တိုက်ခိုက်နေပြီး အရေးယူခံရမှုကနေ ကင်းလွတ်ခွင့် ရနေတယ်လို့ Fortify Rights ညွှန်ကြားရေးမှူး John Quinley က ပြောပါတယ်။
“လုံခြုံရေးကောင်စီဟာ သူရဲ့ပင်မအလုပ်ဖြစ်တဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ကာကွယ်တာမျိုး လုပ်တဲ့အချိန် မတိုင်ခင်အထိ ကလေးဘယ်လောက်များများသေပေးဖို့ လိုအပ်သလဲ”
ကုလလုံခြုံရေးကောင်စီကဟာ မြန်မာအရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ဆီ လွှဲပြောင်းသင့်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့က မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး Fortify Rights အဖွဲ့က အခုလိုထုတ်ပြန်လာတာပါ။
အောက်တိုဘာလ ၉ ရက်ညကဖြစ်ပွားတဲ့ ဒီတိုက်ခိုက်မှုမှာ ကလေး ၁၁ ဦးအပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီတိုက်ခိုက်မှုကို သူတို့ မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။
ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပေါ်ပြစ်တင်ရှုတ်ချထားပါတယ်။