တော်လှန်ရေးအဖွဲ့တွေဆီ ငွေထောက်ပံ့သူတွေကို အကြမ်းဖက်ဥပဒေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေ
2022.04.04

စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့တွေဆီ ငွေလှူကြတဲ့သူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာ အခုဆိုရင် အနည်းဆုံး ခုနစ်ယောက်ရှိပြီလို့ RFA က စုံစမ်းသိရှိရပါတယ်။ အဲဒီအပြင် ငွေကောက်ခံလွှဲပြောင်းပေးနေတယ်လို့ သံသယရှိတဲ့ ဘဏ်စာရင်းတွေကို ပိတ်ပင်ထိန်းချုပ်တာတွေရှိသလို အဲဒီဘဏ်စာရင်းရှင်တချို့ကိုလည်း တရားစွဲထားပါတယ်။
လောလောဆယ် ထောင်ချခံရတဲ့သူတွေကတော့ ရခိုင်ပြည်နယ်မှာ လေးယောက်နဲ့ တနင်္သာရီတိုင်းမှာ သုံးယောက်ဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာဆိုရင် ထားဝယ်မြို့က အသက် ၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူကို တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဆီ KBZpay ကနေတစ်ဆင့် ငွေကျပ် ၁၃၅ဝဝ လှူဒါန်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲပြီး မတ် ၂၉ရက်နေ့မှာ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်ပါတယ်။
"တစ်ရာပဲ လှူလှူ နှစ်ရာပဲ လှူလှူ အဲ့လောက် ထောင်ကျမယ်ပေါ့။ ရိုးရိုးဆန္ဒပြတဲ့ သူတွေထက်တောင် နှစ်ရှည်ထောင်ဒဏ်တွေ ဖြစ်နေတာပေါ့နော်"
အဲဒီအပြင် နောက်ထပ် ထားဝယ်တက္ကသိုလ်ကျောင်းသူ နှစ်ဦးကိုလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တစ်ဖွဲ့ဆီ ငွေကျပ် ၅ဝဝဝ လှူဒါန်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ထားပါတယ်။
အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချတာဟာ ငွေပမာဏအနည်းအများနဲ့ မဆိုင်ဘဲ တော်လှန်ရေးအဖွဲ့တွေကို မထောက်ပံ့ရဲအောင် လုပ်တာလို့ ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အမည်မဖော်လိုသူက ပြောပါတယ်။
“ငွေလှူနေတဲ့ လူတွေကို ကြောက်အောင် ခြောက်ပြလိုက်တာပေါ့။ ငွေလှူရင် အဲ့လောက် ကျမယ်ပေါ့။ ငွေပမာဏ ဘယ်လောက်ပဲ လှူလှူ တစ်ရာပဲ လှူလှူ နှစ်ရာပဲ လှူလှူ အဲ့လောက် ထောင်ကျမယ်ပေါ့။ ရိုးရိုးဆန္ဒပြတဲ့ သူတွေထက်တောင် နှစ်ရှည်ထောင်ဒဏ်တွေ ဖြစ်နေတာပေါ့နော်။ ၅ဝ၅(က)ဆိုရင် နှစ်နှစ် သုံးနှစ် အဲ့လောက်ပဲ၊ ဒါပေမဲ့ ပိုက်ဆံလေး နည်းနည်းလှူလိုက်တယ်။ ဘာမှမလုပ်ဘူး။ အိမ်မှာ ဒီအတိုင်း အေးအေးဆေးဆေး နေတဲ့သူတွေကို ခုနစ်နှစ်၊ ၁ဝ နှစ် အဲ့ဒီလိုတွေ ချနေတော့ သူတို့က ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေတာပေါ့။”
ရခိုင်ပြည်နယ်မှာဆိုရင် အဲဒီလိုငွေလှူလို့ ဒီဥပဒေနဲ့ ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခံထားရသူ လေးယောက်ရှိတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ ဒါရိုက်တာ ဦးမျိုးမြတ်ဟိန်းက ပြောပါတယ်။
သံတွဲမြို့က အမျိုးသမီး သုံးယောက်ကို မတ်လ ၃၁ ရက်နေ့က ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခဲ့သလို မြောက်ဦးမြို့နယ်က လူငယ် ၁ ယောက်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ထောင် ၁ဝ နှစ် ချမှတ်ထားပါတယ်။
လက်ရှိမှာ အလားတူ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ အမှုဖွင့်ဖမ်းဆီးခံထားရသူ ခုနစ်ယောက်လောက်ရှိနိုင်တယ်လို့ ရှေ့နေဦးမျိုးမြတ်ဟိန်းက ခန့်မှန်းပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ ပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝန်ထမ်းတွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ PDF အဖွဲ့တွေကို တိုင်းပြည်အနှံ့မှာ ပြည်သူတွေက ငွေကြေးကူညီ ထောက်ပံ့တာတွေ ရှိပါတယ်။ အဲဒီအဖွဲ့တွေအပြင် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေကိုလည်း ပြည်သူအချင်းချင်း ကူညီတဲ့အနေနဲ့ လှူဒါန်းတာတွေ ရှိပါတယ်။

ဒီလိုလှူဒါန်းတဲ့အခါ Wave money၊ KBZpay တို့လို အွန်လိုင်းငွေကြေး ဝန်ဆောင်မှုတွေကနေ ထောက်ပံ့ကြတဲ့အတွက် အဲဒီလိုလှူတဲ့ လမ်းကြောင်းတွေကို ခြေရာခံပြီး ဘဏ်စာရင်း အထုတ်အသွင်း ထိန်းချုပ်တာ လူတွေကို တရားစွဲတာတွေလည်း ရှိနေတာပါ။
ဒါနဲ့ပတ်သက်လို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ(ည)နဲ့ အမှုဖွင့်ခံထားရလို့ တိမ်းရှောင်နေရတဲ့ အမျိုးသမီးငယ်တစ်ယောက် အခုလိုပြောပါတယ်။
“အကြမ်းဖက်စစ်ကောင်စီက မျိုးစုံပေါ့။ ထောက်ပို့အဖွဲ့တွေကိုရော ဖြစ်နိုင်ရင် သူတို့ကို ဆန့်ကျင်နေတဲ့သူတွေကို ပံ့ပိုးနေတဲ့သူမှန်သမျှကို သူတို့ဘက်က ဖြတ်တောက်ချင်တာ ခြေတွေလက်တွေ ဖြတ်တောက်ပစ်သလို ဖြတ်ပစ်ချင်နေတာ။ အဲဒါကြောင့် အလှူခံကောက်နေတဲ့ အဖွဲ့တွေရဲ့ အကောင့်တွေကို ပိတ်လိုက်တယ်။ ပြီးတော့ အမှုတွေ လိုက်ဖွင့်တယ်။ ညီမကို အမှုဖွင့်ထားတာ ၅ဝ(ည)နဲ့ပါ။ အခု KBZ pay၊ Wave အပိတ်ခံရတဲ့သူတွေ အကုန်လုံးက ၅ဝ(ည)နဲ့ အမှုဖွင့်ခံထားရတာ။ မိရင်တော့ ၅ဝ(ည)အပြင် တခြားပုဒ်မတွေလည်း ထပ်တိုးဖွင့်မှာ”
စစ်ကောင်စီက သူတို့ကို မဆန့်ကျင်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကန့်သတ် ပိတ်ဆို့နေပေမယ့် အာဏာရှင်စနစ် အပြီးသတ်နိုင်ဖို့ဆိုရင် တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့မှုတွေ ရပ်မသွားအောင် လုပ်ဆောင်ဖို့ လိုတယ်လို့ စစ်အာဏာသိမ်း ဆန့်ကျင်တော်လှန်နေသူတွေကပြောကြပါတယ်။
“အခု KBZ pay၊ Wave အပိတ်ခံရတဲ့သူတွေ အကုန်လုံးက ၅ဝ(ည)နဲ့ အမှုဖွင့်ခံထားရတာ။ မိရင်တော့ ၅ဝ(ည)အပြင် တခြားပုဒ်မတွေလည်း ထပ်တိုးဖွင့်မှာ”
ငွေလှူတာကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေသုံးပြီး ထောင်ချနေတာဟာ ပြစ်ဒဏ်များများ ချလို့ရတဲ့အတွက် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ဖို့ အသုံးချနေတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ လူ့အခွင့်အရေးရှေ့နေတစ်ဦးက ဝေဖန်ပါတယ်။
“လတ်တလောဖြစ်နေတဲ့ ငွေတစ်သောင်းလောက်နဲ့ ထောင် ၁ဝနှစ် ချလိုက်တာကတော့ ဟုတ်တယ်၊ ဖိနှိပ်ချုပ်ခြယ်တဲ့ အစိုးရတစ်ရပ်အနေနဲ့ကတော့ မမျှတတာတွေကို အကြမ်းပတမ်းနဲ့ ဖိနှိပ်တာ အခုအခြေအနေက ဒါပဲဗျ။ ပြစ်ဒဏ်ပေးခြင်းဆိုတဲ့ အပိုင်းမှာ ရည်ရွယ်ချက်က ဘာလဲပေါ့ဗျာ။ ပြုပြင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြစ်ဒဏ်ပေးတာလား။ နောက်တစ်ခါ မျှတတဲ့ ပြစ်ဒဏ်ပေးတာလား၊ နောက်တစ်ခုက နောက်လူတွေလည်း မလုပ်အောင် ဟန့်တားလောက်တဲ့ ပြစ်ဒဏ် ပေးတာလား အစရှိသဖြင့်ပေါ့။ ပြစ်ဒဏ်ပေးခြင်းရဲ့ ရည်ရွယ်ချက်ပေါ့ဗျာ။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေမှာက ပြုပြင်စေလိုတဲ့ ပြစ်ဒဏ် ဆိုတာမျိုးတွေ မပါဘူး။ သက်ညှာတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ထားတဲ့ ပြစ်ဒဏ်မပါဘူးဗျ။ နောက်လူတွေ မလုပ်အောင်ပေါ့ဗျာ။ နောင်ကြဉ် ဟန့်တားစေတဲ့ ပြစ်ဒဏ်မျိုးတွေ၊ တားဆီးဖို့အတွက်၊ ဒီလူလည်းပဲ လှုပ်ရှားလို့ မရအောင်ပေါ့ဗျာ၊ အဲဒါမျိုးအတွက် လုပ်တဲ့ဥပဒေမျိုးဗျ”

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြမ်းဖက်မှုဥပဒေနဲ့ အရေးယူခံထားရသူတွေကို ပြစ်ဒဏ် လျှော့ပေါ့ပေးမှာ မဟုတ်ဘူးလို့ မတ်လ ၂၉ ရက်နေ့မှာ ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ ထည့်သွင်း ပြောဆိုထားပါတယ်။
ဒီလိုပြောတာဟာ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးတဲ့အခါ အဲဒီလူတွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးဆိုတဲ့သဘောဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
၂ဝ၁၄ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီက ပြင်ဆင်ပြီး မနှစ်က သြဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပြင်ဆင်ချက်အရ အကြမ်းဖက်အဖွဲ့အစည်းကို ငွေကြေး ထောက်ပံ့တယ်ဆိုရင် အနည်းဆုံး ထောင်သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ငွေဒဏ်လည်း ချမှတ်နိုင်တာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် NUG၊ CRPH၊ PDF တို့ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာလိုက်သလို၊ အဲဒီအဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်၊ ဆက်သွယ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့သူ အယောက် ၂ဝဝ နီးပါးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းတွေအရ သိရပါတယ်။