ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်သစ်တွေ ကူညီရေး အခက်အခဲရှိနေ
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်စခန်း (၁၃) ခုမှာ လူဦးရေ သုံးထောင်ကျော် တိုးလာတယ်လို့ ကချင်နှစ်ချင်းခရစ်ယန်အသင်းချုပ် (KBC) ရဲ့ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာန HDD က ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ဒုက္ခသည်စခန်းတွေဆီ မရောက်ဘဲ၊ ရှမ်းဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာရွာတွေကို ရောက်နေတာ ခြောက်ထောင်လောက် ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ ဒုက္ခသည်အသစ် တစ်သောင်းလောက်ရှိနေပြီး သူတို့အတွက် စားဝတ်နေရေး ကူညီဖို့ကြိုးစားရာမှာ စစ်တပ်ရဲ့ ပိတ်ပင်မှုတွေကြောင့် အခက်အခဲရှိသလို၊ အလှူငွေအတွက်လည်း ဘဏ်တွေက ငွေလွှဲရတာ ခက်နေတယ် လို့သိရပါတယ်။
အသစ်တိုးလာတဲ့ စခန်းတွေကတော့ ဖားကန့်၊ ဝိုင်းမော်၊ မိုးမောက်၊ ဗန်းမော်နဲ့ အင်းဂျန်ယန်မြို့နယ်တွေမှာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ပြေးဒုက္ခသည် စခန်းပေါင်း ၁၆၆ ခုရှိပြီး လူဦးရေက တစ်သိန်းခွဲလောက်ရှိနေပါတယ်။ သူတို့အတွက် အစားအသောက်၊ အဝတ်အထည်၊ ဆေးဝါး၊ ကျန်းမာရေးစတဲ့ အထွေထွေကိစ္စရပ်တွေအတွက် တစ်ရက်ကုန်ကျစရိတ်ဟာ တစ်ယောက်ကို တစ်ထောင်ကျပ်နှုန်းနဲ့၊ စုစုပေါင်း မြန်မာငွေ သိန်းပေါင်း တစ်ထောင့်ငါးရာဝန်းကျင်ရှိတယ်လို့ KBC ရဲ့ လူသားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာန HDD ရဲ့ မှတ်တမ်းအရ သိရပါတယ်။
ဒုက္ခသည်တွေကို အကူညီပေးတဲ့အခါမှာလည်း စားနပ်ရိက္ခာ သယ်ယူရေးကိစ္စတွေမှာ စစ်ကောင်စီဘက်က ဟန့်တားပိတ်ပင်တာတွေ ရှိနေတာကြောင့် အခက်အခဲရှိတယ်လို့ ကချင်နှစ်ချင်းခရစ်ယာန် အသင်းတော် များဂိုဏ်းချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ကလန် ဆမ်ဆွန်က ပြောပါတယ်။
“အခက်အခဲဆုံးကတော့ ကျွန်တော်တို့ ဒီအစားအသောက်တွေ သယ်ယူပို့ဆောင်ရေးမှာ စစ်တပ်က ပိတ်ပင်တဲ့ ဟန့်တားမှုတွေပေါ့။ ဒုတိယကတော့ ငွေရေးကြေးရေး ကူညီချင်တဲ့လူရှိတာတောင်မှ ငွေထုတ်ဖို့ ခက်ခဲတဲ့ပြဿနာပေါ့။ အဲဒါနှစ်ခုကတော့ အခုလောလောဆယ်ဆယ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ဖြစ်ပါတယ်“
အခုလို ဒုက္ခသည်တွေကိုကူမယ့် ရိက္ခာတွေကို စစ်တပ်က ပိတ်ပင်ဟန့်တားနေတယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
စစ်တပ်အာဏာမသိမ်းခင် အရင်က ကချင်ပြည်နယ်မှာ ဒုက္ခသည်စခန်း ၁၃၅ ခုရှိပြီး လူဦးရေ တစ်သိန်း နှစ်သောင်းလောက် ရှိနေပါတယ်။
အခုပြီးခဲ့တဲ့ ၃ လအတွင်း အသစ်တိုးလာတဲ့ ကချင်ပြည်နယ်တွင်း မြို့နယ် ငါးခုက ဒုက္ခသည်စခန်း ၁၃ ခုကို ရောက်မလာဘဲ နီးစပ်ရာ ဆွေမျိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာလည်း ဒုက္ခသည်တွေ အမြောက် အများရှိနေပါတယ်။
မိုးမောက်မြို့နယ် ၊ ဇီးကောကျေးရွာ ဒေသခံတစ်ဦးက RFA ကို အခုလို ပြောပါတယ်။
“ဗန်းမော် တံခွန်တိုင်ကျောင်းမှာ ၆၀၀၀ လောက်ရှိတယ် ရှောင်ထားတာ။ အခုလောလောဆယ် ကျန်တဲ့လူကတော့ အလုပ်ရှိတဲ့လူ၊ တောင်သူလုပ်တဲ့လူတွေပဲ ကျန်တာ“
ကချင်လွတ်မြောက်တပ်မတော် KIA/KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာနဲ့ အင်ဂျန်းယန်မြို့၊ မဂျာယန်မြို့တွေမှာလည်း စစ်ပြေးဒုက္ခသည်စခန်း ၁၉ ခုရှိပါတယ်။ အဲဒီမှာ အိမ်ထောင်စုပေါင်း ၇၄၁၇ နဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၃၇၉၈၇ ယောက် ရှိနေတယ်လို့ KBC HDD ရဲ့ မှတ်တမ်းအရသိရပါတယ်။
KIA/KIO ထိန်းချုပ်နယ်မြေထဲ ရောက်လာတဲ့သူတွေကို စားဝတ်နေရေးကူညီပေးထားတယ်လို့ KIA သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“ကျွန်တော်တို့ KIO ရှိတဲ့နေရာဘက်မှာ ရောက်လာတဲ့ စစ်ရှောင်ပြည်သူလူထုကတော့ နည်းနည်းကြီး တာကတော့ ဘာမှမရှိပါဘူး။ မြို့တွင်းမှာပဲ ထွက်ပြေးတိမ်းရှောင်ကြတာများပါတယ်။ မြို့ပေါ်မှာကို ကျွန်တော်တို့ကိုယ်တိုင်လာပြီးမှ KIO လာ ပြီးမှ ကူညီဖို့ဆိုတာကတော့ အဆင်မပြေဘူးပေါ့နော်။ ဘာသာရေးအဖွဲ့တွေဆီ တာဝန်ယူတဲ့ အပိုင်းပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် KIA ကတော့ ပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်နေတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ အခက်အခဲရှိလာရင် အတတ်နိုင်ဆုံးတော့ အခြေအနေကိုကြည့်ပြီးမှ နည်းလမ်းရှာပြီးမှ ကူညီမယ် စိတ်ကူးပါတယ်ခင်ဗျ“
ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ဆရာတော် အရှင်ဝိဇယက လက်ရှိရင်ဆိုင်တွေ့ကြုံနေရတဲ့ အခြေအနေကို အခုလို မိန့်ကြားပါတယ် ။
“ဖြစ်သင့်တာကတော့ ဘာပဲပြောပြော ဒီတပ်မတော်ကြောင့်ဖြစ်တဲ့ စစ်ဆိုတော့ တပ်မတော် စစ်ဘေး ဒုက္ခသည်တွေကို တပ်မတော်က ဒီလှူတာတွေ ဘာတွေတော့ ကြည်ကြည်ဖြူဖြူလေးနဲ့ အစစ်ဆေးမရှိ ပဲနဲ့ပေါ့နော် လှူတာတွေကို ကြည်ကြည်ဖြူဖြူ ဖွင့်ပေးလိုက်ရင်လည်း ဒါလည်းတော်တော်လေးကို ဝေဒနာတွေ နာကျင်မှုတွေကို ဖြေလျှော့ပေးတာပဲလို့ အဲလိုလေးတော့ အကြံပြုချင်ပါတယ်။ ဘယ်သူမှ လူငယ်တွေ အခုသွားလှူနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးကို ကြည့်တာလည်း မဟုတ်ဘူး။ လူသား အရေးကို ကြည့်ကြတာ“
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပြည်သူတွေကို ပစ်ခတ် သတ်ဖြတ်တဲ့အတွက် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) က ပြည်သူတွေဘက်က ရပ်တည်ကြောင်းပြသပြီး စစ်ကောင်စီ သြဇာခံတပ်တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။ မိုးမောက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲ စပြီးဖြစ်ခဲ့တာပါ။ ဒါကြောင့် အဲဒီဒေသတဝိုက်က ရှမ်းမျိုးနွယ်စုတွေ သူတို့နဲ့နီးစပ်တဲ့ ဘုန်းကြီးကျောင်းတွေ၊ ရွာတွေကိုရောက်နေကြတာ ဖြစ်ပါတယ်။