ကလေးဒေသခံတစ်ဦး စစ်ကြောရေးမှာ သေဆုံး

ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်ရဲ့ ဖမ်းဆီးတာခံလိုက်ရသူတစ်ဦး စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာရှင်ရေး အသံတိတ်သပိတ်ကို ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ်ခဲ့ကြစဉ် Photo: CJ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီး တာခံလိုက်ရသူတစ်ဦး စစ်ကြောရေးမှာ သေဆုံးခဲ့ရာ ဒီမနက် အလောင်းလာထုတ်ဖို့ မိသားစုဝင်တွေကို အကြောင်းကြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က နတ်ချောင်းလမ်း ချမ်းမြေ့ဆေးရုံရှေ့မှာ အဖမ်းခံလိုက်ရပြီး ဖေဖော်ဝါရီ ၇ ရက် ဒီမနက်ပိုင်းက မိသားစုဝင်တွေ စစ်ဆေးရုံမှာ အလောင်းသွား ထုတ်ကြတယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီနေ့က ပျူစောထီး အင်အား ၅၀ လောက် စစ်တပ်နဲ့ မြို့ပေါ်မှာလှည့်နေတဲ့အချိန် ကိုယ့်ဖက်ကလူတွေထင်ပြီး ကြွေးကြော်လိုက်တယ်၊ အဲဒီမှာပဲ ပျူစောထီးတွေကခေါ်ပြီး ရိုက်နှက်ခဲ့တာ သတိတောင် မေ့သွားတယ်၊ အဲဒီနေ့ကတည်းက ဖမ်းသွားတာ ဒီမနက် အလောင်းလာထုတ်ဆိုပြီး မိသားစုကို ပြောလာတာ”

အသက် ၅၀ ကျော်အရွယ် ဦးအောင်လွင်ဦး ဆိုသူဖြစ်ပြီး အောင်ဇေယျရပ်ကွက်မှာ ကွမ်းယာဆိုင်ဖွင့်ကာ နေထိုင်သူဖြစ်တယ်လို့လည်း ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က တစ်ပြည်လုံး အသံတိတ်သပိတ်လုပ်နေချိန် မနက် ၁၁ နာရီကျော် လောက်မှာ ပျုစောထီးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆိုင်ကယ်တွေနဲ့ လမ်းပေါ် သွားနေရင်း ဖမ်းဆီးခံလိုက်ရတာလို့ ပြောပါတယ်။

ကလေးမြို့မှာ တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောရေးမှာ နှိပ်စက်ခံ ရရင်း သေဆုံးခဲ့ရသူထဲ အခု ဦးအောင်လွင်ဦးနဲ့ပါဆိုရင် ခြောက်ဦးမြောက်ရှိပြီလို့ ကလေး မြို့ပင်မသပိတ် ကော်မတီက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး စစ်ကြောရေးမှာ ဖမ်းဆီး၊ နှိပ်စက်ခံရလို့ သေဆုံးခဲ့ရသူ အရေအတွက်ဟာ တစ်ပြည်လုံးအတိုင်းအတာနဲ့ RFA က ပြုစုထားတဲ့စာရင်းအရ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်အထိ တစ်နှစ် အတွင်း စုစုပေါင်း ၁၁၀ ဦး အထိရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org