ကန့်ဘလူမြို့နယ် တိုက်ပွဲအတွင်း ဇာဒီရွာ ဒေသခံ ခြောက်ဦး သေဆုံး
2024.01.24

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇာဒီကျေးရွာအနီးမှာ ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇာဒီရွာက အမျိုးသား ငါးဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇာဒီရွာ တစ်ရွာလုံးကို စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားတာဖြစ်ပြီး ထိခိုက်သေဆုံးသူတွေဟာ စစ်ကောင်စီတပ်ကို ထောက်ခံသူတွေဖြစ်တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောဆိုပါတယ်။
ဒီအပြင် ဇာဒီရွာထဲမှာ စစ်ကောင်စီတပ်က အင်အားလေးဆယ်နီးပါးတပ်စွဲနေထိုင်နေပြီး PDF တွေက ဝင်ရောက်တိုက်ခိုက်တာမှာ ထိခိုက်သေဆုံးမှုတွေဖြစ်ခဲ့တာလို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့က မနက် ၁၀ နာရီကျော်မှာ တိုက်ပွဲ ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ဘက်က စစ်ကောင်စီတပ်စခန်းကို သွားတိုက်ရာမှာ အပြန်အလှန် ပစ်ခတ်ကြပြီး ထိမှန်သေဆုံးတာပါ။ ဇာဒီရွာအတွင်းက ဦးပိုင်ကုမ္ပဏီပိုင်တဲ့ သကြားစက်မှာ စစ်သား လေးဆယ်နီးပါး ရှိနေပါတယ်။ စစ်ရေးပစ်မှတ်မို့လို့ ကျွန်တော်တို့က တိုက်ခိုက်တာပါ။ အရပ်သားတွေဆို ရှောင်ပါတယ်။ အဲဒီရွာက အမျိုးသားတွေ အကုန်လုံးနီးပါးကို စစ်တပ်က လက်နက်တပ်ဆင်ပေးထားတာပါ"
အဲဒီတိုက်ပွဲမှာ လက်နက်တချို့ကို PDF တွေဘက်က ရရှိခဲ့ပေမယ့် ဇာဒီကျေးရွာက စစ်ကောင်စီတပ် စခန်းကိုတော့ မသိမ်းယူနိုင်ခဲ့ဘူးလို့ သူက ပြောပါတယ်။
စစ်ကောင်စီကတော့ ဇာဒီကျေးရွာအနီး ကြံခုတ်နေတဲ့ အမျိုးသားငါးဦးနဲ့ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသား တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းစာတွေကနေတစ်ဆင့် ဇန်နဝါရီလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ သူတို့တာ PDF တွေရဲ့အကြောင်းမဲ့ပစ်ခတ်တာကို ခံခဲ့ရတာလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒေသခံတွေကတော့ ၂၀၂၁ခုနှစ် မတ်လကအစောပိုင်းကတည်းက ဇာဒီကျေးရွာကို စစ်ကောင်စီတပ်တွေ စခန်းချနေထိုင်နေပြီး ကန့်ဘလူမြို့နယ်အတွင်းက ရွာတွေကို ဝင်ရောက်စီးနင်းနေတာလို့ ပြောပါတယ်။