စစ်ကောင်စီစစ်ကြောင်းထိုးတာကြောင့် ကန့်ဘလူဒေသခံ ရှစ်ထောင်နီးပါး ထွက်ပြေး

ကန့်ဘလူမြို့နယ်က ကျောင်းကုန်းရွာ၊ ဖိုလ်ကုန်းရွာနဲ့ သပြေသာရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်အတွင်း မီးရှို့ဖျက်ဆီးခံထားရသည့် နေအိမ်များအား ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်က ရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ရှစ်ထောင်နီးပါးဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

ကန့်ဘလူခရိုင်အတွင်းက ရွာတွေမှာ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။

"အခုရက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်နေရသူက ရှစ်ထောင်လောက်ဖြစ်သွားပြီ။ ကန့်ဘလူတစ်ခရိုင်လုံးဆိုရင်တော့ စစ်ရှောင်က အရမ်းများတာပေါ့။ တချို့ကျတော့လည်း ရွာပြန်နေလို့မရတော့ဘဲ အမြဲတမ်းရှောင်နေရတဲ့သူတွေ ဖြစ်သွားပြီ"

ကန့်ဘလူမြို့နယ်က ကျောင်းကုန်းရွာ၊ ဖိုလ်ကုန်းရွာနဲ့ သပြေသာရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေအပါအဝင် အင်အား တစ်ရာကျော်ပါတဲ့ စစ်ကြောင်းဟာ ဒီလဆန်းကစပြီး ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေရာမှာ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။

ရွာတွေ မီးရှို့ခံရတာနဲ့ ဒေသခံတွေ ထွက်ပြေးနေရကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ကျောင်းကုန်း၊ ဖိုလ်ကုန်းနဲ့ သပြေသာရွာတွေ နိုဝင်ဘာ ၉ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေအိမ် ၁၃၃ လုံး ပျက်စီးသွားတယ်လို့လည်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ သပြေသာရွာမှာ မီးရှို့အသတ်ခံခဲ့ရသူတစ်ဦးရှိခဲ့ပြီး ဘယ်သူဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းဟာ ဇီးကုန်းမြို့ရဲ့ လက်ဆည်ရပ်ကွက်က နေအိမ် ခြောက်ဆယ်ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ ၃ဝ ရက်ကနေ နိုဝင်ဘာ ၄ ရက်နေ့အထိ ခြောက်ရက်အတွင်း ကျီစု၊ ကျောက်တိုင်နဲ့ ဝက်တိုးရွာတွေက နေအိမ် ရှစ်ရာနီးပါး မီးရှို့ခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဆယ်လအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၄၅၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org