ဧရာရွှေဝါကုမ္ပဏီ သိမ်းထားတဲ့ လယ်တွေပြရဖို့ ကန်ကြီးထောင့်မှာ ဆန္ဒပြ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့် မြို့နယ် ဒါးကကျေးရွာမှာ ဧရာရွှေဝါကုမ္ပဏီ က သိမ်းယူထားတဲ့ လယ်ယာမြေ ဧက ၂၀၀ ကျော် ပြန်ပေး ဖို့ ဒီနေ့ ပုသိမ်မြို့မှာ လယ်သမား ၅၀ လောက်က ဆန္ဒပြ တောင်းဆိုကြပါတယ်။
-
2014-06-06 -
-
-
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာမှာ ဧရာရွှေဝါကုမ္ပဏီက သိမ်းယူထားတဲ့ လယ်ယာမြေ ဧက ၂၀၀ ကျော် ပြန်ပေးဖို့ ဒီနေ့ ပုသိမ်မြို့မှာ လယ်သမား ၅၀ လောက်က ဆန္ဒပြ တောင်း ဆိုကြပါတယ်။
ဧရာရွှေဝါကုမ္ပဏီက သိမ်းယူခဲ့တဲ့လယ်ယာမြေတွေမှာ စီမံကိန်းကိုအကောင်အထည်ဖော်တာ မရှိတဲ့အတွက် အဲဒီ လယ်မြေတွေကို ပြန်လိုချင်ကြောင်း ဒီနေ့ ဆန္ဒပြရာမှာပါဝင်တဲ့ ဒါးက ကျေးရွာက လယ်သမား ဦးအောင်မြင့် က ပြောပါတယ်။
"လယ်ယာမြေတွေကို လက်ရှိထဲမှာ သူတို့က ဘာမှအကောင်အထည် မဖော်နိုင်တဲ့အတူတူ လက်ငုတ်လက်ရင်းဖြစ်တဲ့ ကျနော်တို့ လယ်သမားတွေလက်ထဲကို ပြန်ထည့်ပေးစေချင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီမြေယာလယ်တွေဟာ သူတို့လက်ထဲမှာ အခုအချိန်ထိ ပျက်သုဉ်းနေတာ ဘာမှအကျိုးအမြတ်မရှိခဲ့ပါဘူး ကျနော်တို့ လယ်သမားလက်ထဲကို ရောက်ခဲ့ရင် ဒါတွေဟာ ကွင်းအပြည့်ပေါ့နော် တစ်နှစ်တာအတွက်ကို စပါး သောင်းကျော်အောင်ထွက်မဲ့ ကွင်းတွေပါ၊ သူတို့လက်ထဲမှာ အခု စပါးထွက်ပေနိုင်အောင်လုပ်ပေးနိုင်စွမ်း မရှိဘူး၊ ကျနော်တို့ ပြန်တောင်းတော့ လယ်တွေကိုကြည့်ပြီး ကျနော်တို့ ဝမ်းနည်းပက်လက် ဖြစ်နေရတဲ့ အချိန်ဖြစ်နေပါတယ်၊ နေရာတကာ မှာ မြတ်တွေချည်းပဲ ဘာမှလည်းသူတို့ လုပ်တာမဟုတ်ပါဘူး "
၁၉၉၈ ခုနှစ်မှာ ဒါးကကျေးရွာက လယ်ဧက ၂၀၀ ကိုသိမ်းယူခဲ့တဲ့အပြင် သာပေါင်းမြို့နယ် ကျားရဲ ကျေးရွာအုပ်စုက လယ်ယာမြေ ဧက ၅၀၀ ကျော်ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။
သာပေါင်းမြို့နယ်က သိမ်းထားတဲ့ ဧက ၅၀၀ ကျော်ကို တောင်သူတွေဆီ ပြန်ပေးမယ်ဆိုပြီး သာပေါင်းမြို့နယ် မြေစာရင်းနဲ့ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီတို့က တောင်သူတွေကို ဒီနေ့ ခေါ်ယူညှိနှိုင်းခဲ့ပါတယ်။ ဒီနေ့ ညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကျားရဲကျေးရွာက လယ်သမား ဦးမြင့်စိန်က အခုလို ပြောပါတယ်။
"လယ်ယာမြေတွေကို ပြန်ပေးမယ်သာပြောတာ သူတို့ကတော့ ညှိနှိှုင်းမယ်ဆိုပြီးတော့၊ ယာယီပေးမယ် ဆိုပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးကနေ လက်ဆင့်ပြီးတော့ လယ်ဒီအဖွဲ့ကနေပြီးတော့ ထည့်ဝင်ပြင်ဖူး ခဲ့ပါတယ်ခင်ဗျ၊ ကျနော်တို့ ကျေးရွာအုပ်စုကနေပြီးတော့ လယ်သမားတွေက တောင်သူလက် ငုတ်တွေဖြစ် တာကြောင့် လုံးဝလက်မခံနိုင်ပါ အဲ့ဒါကို ကျနော်တို့ မြို့နယ်လယ်ဒီအဖွဲ့နဲ့ ကျေးရွာလယ်ဒီ အဖွဲ့ကနေပြီးတော့ အတက်နိုင်ဆုံး သူတို့ကို ညှိနှိှုင်းဖြေရှင်းပေးမယ်ဆိုရင်လည်း အဆင်မပြေလောက် ပါဘူးခင်ဗျ"
ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၈ က ဧရာဝတီတိုင်းမှာ စစ်တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ လက်ရှိ လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့သား ဦးအောင်သက်မန်းတည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်ကစပြီး ပုသိမ်ခရိုင် ကျောင်းကုန်း၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ကျုံပျော်နဲ့ ရေကြည်မြို့နယ် တွေမှာ ဧရာရွှေဝါကုမ္ပဏီက သိမ်းထားတဲ့ လယ်ယာမြေဧက သောင်းဂဏန်း လောက်ရှိတယ်လို့ သိရပါတယ်။