ကနီမှာ စစ်ကောင်စီ ပစ်ခတ်လို့ ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ

2021.05.22
စစ်ကိုင်းတိုင်း ကနီမြို့နယ် မျှိုင်းရွာလမ်းခွဲနားမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ မေလ ၂၂ ရက် ဒီနေ့မနက် ၇ ခွဲလောက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
 
တိုက်ပွဲအတွင်း နှစ်ဖက်လုံး အထိအခိုက်တွေရှိနေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က လတ်တလော လေးဦး ဒဏ်ရာရထားပြီးတော့ စစ်ကောင်စီဘက်က ဘယ်နှယောက် ဒဏ်ရာရ သေဆုံးတာ ရှိလဲဆိုတာ မသိသေးဘူးလို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
 
“တိုက်ပွဲ အခြေအနေကတော့ တော်တော်ပြင်းထန်နေတယ်။ သူတို့ လက်နက်ကြီးတွေ သုံးတယ်။ ကျနော်တို့ဘက်က လေးယောက်ထိထားတယ်။ မစိုးရိမ်ရဘူး။ သူတို့ဘက် ကျဆုံးမှု တော်တော် များတယ်။ အခုကတော့ နှစ်ဖက်အခြေအတင် တင်းမာနေတဲ့ အခြေအနေရှိတယ်။ သူတို့လက်နက်ကြီးနဲ့ ပစ်လို့ လက်နက်ကြီးကနေပြီး စင်လာတဲ့ ကျည်ထိတာပါ။"
 
ဒေသခံ PDF အဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လမ်းကြောင်းကစောင့်ပြီး စစ်ကား သုံးစီးကိုလည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကားတစ်စီး တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။ အဲဒီ မှောက်သွားတဲ့ကားပေါ်က လိုက်လာတဲ့ စစ်ကောင်စီတပ်သားတွေ  ဘယ်နှယောက်သေဆုံး ဒဏ်ရာရတယ်ဆိုတာတော့ မသိရသေးဘူးလို့ တိုက်ပွဲအတွင်း ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
 
“ စစ်ကားက သုံးစီးလို့ ကြားတယ်။ လူထုဘက်ကတော့ ဒဏ်ရာရတယ်။ သူတို့ဘက်ကတော့ ဘယ်လောက် ရတယ် မသိဘူး။ ဒီမှာ လူကယ်ဖို့ လုပ်နေရတာလေ။ သူတို့က ဝင်လာတာ။  ကျနော်တို့က ညကတည်းက စောင့်နေတာ။ မိုင်းဆွဲလိုက်တာ တစ်စီးကတော့ ပက်လက်လန်သွားတယ်။"
 
ဒီကနေ့ အဲဒီ တိုက်ပွဲမှာ နှစ်ဖက်အထိအခိုက် အကျအဆုံးနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြု နိုင်သေးပါဘူး။
 
ကနီဒေသခံတွေက ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြပေမယ့် ဝင်ရောက်အကြမ်းဖက်တာတွေ ရှိတာကြောင့် ရှိတဲ့လက်နက်နဲ့ ပြန်ခုခံကြတာဖြစ်တယ်လို့ ထွက်ပြေးနေရသူတွေကို ကူညီပေးနေသူတစ်ဦးက ပြောပါ တယ်။
 
“ ပြည်သူတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတာပေါ့လေ။ ဒါပေမဲ့ ကိုယ့်ဒေသကို အတင်းအဓ္ဓမ ဘာမှမဆိုင် ဆိုင်ကယ်စီးသွားတဲ့ လူကိုကအစ ဖမ်းပြီးရိုက်နှက်ပြီးတော့ မနက် အလောင်းလာထုတ် လှည့်ပါဆိုတဲ့ ပုံစံမျိုးတွေကျတော့ လူထုတွေကလည်း အကုန်ဒေါသတွေ ဖြစ်ကြတာပေါ့။ ဒီကနေ ဇာတ်လမ်းတွေက စတာ။ ကိုယ့်ဒေသကို ကိုယ်ပဲနေချင်တယ်။ ဒါပေမဲ့ သူတို့ကားတွေဝင်လာပြီဆိုရင် အိမ်တွေမှာ မနေ့ကဆိုရင် မင်္ဂလာဆောင့မယ့် ဆန်တွေ၊ ဆီပုံးတွေ ဝက်တွေဆို ယာကြီးမှာ အခြေစိုက် ထားတဲ့ တပ်က သယ်သွားတာလေ။ မင်္ဂလာကလည်း မဆောင်လိုက်ရဘူး။ ဒီလောက်ထိဖြစ်တာ။ မငြိမ်းချမ်းဘူးပေါ့။ ဒီတော့ ရွာတွေထဲကို သူတို့ဝင်မှာကြောက်တော့ သူတို့ရှိတဲ့ တူမီးတွေနဲ့ ခုခံ ကြတာပေ့ါ။" 
 
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေတာကြောင့် ဒီနေ့ တစ်ရက်တည်းမှာပဲ အနီးအနားက ရွာ ရှစ်ရွာကျော်က ဒေသခံ တစ်ထောင်ခန့် ရွာလုံးကျွတ် ထွက်ပြေး နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“ အဲဒီ အနီးအနားက မြောင်းကုန်းတို့ ပါဟဲတို့ ကင်းရွာ ကျောက်တန်းရွာက လူတွေ အကုန်ထွက်ပြေး နေကြရတယ်။ အခုကတော့ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ ဘာမှမရှိတော့ ရွာထဲမှာ တိုက်ပွဲ ဖြစ်လာတော့ မနေရဲကြတော့ဘူး။ အခုကျတော့။ ပျှမ်းမျှအားဖြင့် ရွာလုံးကျွတ်ထွက်ပြေးနေရတာ ရှစ်ရွာ လောက်ရှိတယ်။ လူဦးရေ တစ်ထောင်ကျော်လောက် ရှိမယ်။"
 
စစ်အာဏာသိမ်းပြီးနောက် ကနီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တောတွင်းနေရာတွေကို တိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူ လေးထောင်နီးပါး ရှိနေပြီလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
 
ဒီနေ့ ရှောင်ပြေးရသူတွေနဲ့ အရင်တိုက်ပွဲတွေတုန်းက ရှောင်ပြေးနေရသူတွေ ရောသွားပြီး လူဦးရေပို များသွားတဲ့အပြင် နွေရာသီဖြစ်တဲ့အတွက် တောထဲမှာ ရေအခက်အခဲတွေ ဖြစ်နေကြတယ်လို့ ယာကြီး ကျေးရွာက ထွက်ပြေးတိမ်းရှောင်နေရသူ တစ်ယောက်က ပြောပါတယ်။
 
“ ရှောင်ရတဲ့ အခြေအနေက စောစောက ရှောင်နေတဲ့သူတွေရော၊ အခုရှောင်နေတာတွေနဲ့ ရောသွားတာ ပေါ့ဗျာ။ စောစောက ရှောင်နေတဲ့အဖွဲ့တွေက ရွာမရောက်သေးတာရော နောက်ထပ် တိမ်းရှောင် လာသူ တွေရောဆိုတော့ များတော့ များသွားတာပေါ့။ တချို့ဆိုရင် နေရာတောင် ရှာမရကြသေးဘူး။ သွားလာ နေကြရတုန်းပဲ။ ရေအခက်ခဲတွေ ဖြစ်နေတယ်ဗျ။ ရေမရှိတာတွေက ဆိုးတယ်။ ရေရှိတဲ့ နေရာကျ ပြန်တော့လည်း ရဲရဲမနေရဲဘူး။ သူတို့ရောက်လာမလားဆိုတာ စိုးရိမ်နေရတဲ့ အနေထား ဖြစ်နေတာပေါ့။”
 
စစ်ဘေးရှောင်တွေက အနီးအနားက ယာခင်းနဲ့ တောထဲတွေကို ထွက်ပြေးနေရပြီး မိုးဦးကျရာသီ ဖြစ်တဲ့အတွက် ကလေးငယ်တွေရဲ့ သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကျန်းမာရေး အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“ ညဆိုရင်တောင် ကောင်းကောင်းမွန်မွန် မအိပ်ရဘူး။ အခုလာပြီဆို ထွက်ပြေးရ။ သူတို့က လာပြီဆို ဝင်ဆွဲတယ်လေ။ ဟိုတစ်နေ့ကလည်း ညမှာ သေနတ်နဲ့ ရွာထဲကို တပ်ကနေပြီး ရှစ်ချက်လှမ်းပစ်တယ်။ ညကြီး ၁၁ နာရီလောက် လူတွေ ထွက်ပြေးကြရတယ်။ အကြောက်တရားနဲ့ နေထိုင်နေရတာဆိုတော့ ကျွန်တော်တို့က မနေရဲဘူး။  တချို့က ယာခင်းတောတွေထဲ နေရတယ်။ တချို့က တောတွေထဲ ပြေးရတယ်။ အခုအချိန်က သွေးလွန်တုပ်ကွေး ဖြစ်တဲ့ရာသီဆိုတော့ ကလေးတွေက သွေးလွန်တုပ်ကွေး တွေဖြစ်တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေလည်း အခက်အခဲကြုံနေရတယ်။ ဆရာ ဆရာမတွေမရှိတော့ ဘယ်လိုမှအဆင်မပြေဘူး ဖြစ်နေတယ်။"
 
ကျေးရွာပေါင်း ၂၁၀ ကျော် လူဦးရေ တစ်သိန်းခြောက်သောင်းကျော်ရှိတဲ့ ကနီမြို့နယ်ဟာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ပြီး ပြန်လည်ခုခံတဲ့မြို့ တစ်ခုဖြစ်တာကြောင့် စစ်ကောင် စီတပ်သားတွေ အင်အား အလုံးအရင်းနဲ့ ပြန်တိုက်ခိုက်ခံရတဲ့မြို့ ဖြစ်ပါတယ်။
 
ဒီကနေ့ ကနီက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ပြောဆိုချက်ကို သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရပါဘူး။
 
ဧပြီ လဆန်းပိုင်းလောက်ကစပြီး ကနီမြို့မှာ စစ်ကောင်စီတပ်တွေကို ပြန်လည်ခုခံရင်း ဒေသခံအရပ်သား သေဆုံးသူအယောက် ၂၀ ကျော်နဲ့ အဖမ်းခံရသူ အယောက် ၄၀ ကျော်ထိရှိလာပြီလို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။