မြိုင်ကြီးငူ ဒုက္ခသည်စခန်း ရိက္ခာပြတ်တော့မည်
ကရင်ပြည်နယ် မြိုင်ကြီးငူမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်တာနဲ့ ရင်ဆိုင်နေ ရပါတယ်။
-
2017-01-05 -
-
-
ကရင်ပြည်နယ် မြိုင်ကြီးငူမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်တာ နဲ့ ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလဆန်းပိုင်းကတည်းက မြိုင်ကြီးငူက ဘုန်းကြီးကျောင်းအနားမှာ ယာယီဒုက္ခသည်စခန်း ဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။ သူတို့တွေဟာ နေရပ်မပြန်နိုင်ကြသေးဘဲ ဒီရက်ပိုင်းအတွင်းမှာတင် စားနပ်ရိက္ခာ ကုန်သွားနိုင်တယ်လို့ မြိုင်ကြီးငူ ဒုက္ခသည်စခန်းတာဝန်ခံ ဦးထွန်းက ပြောပါတယ်။
''အခုရိက္ခာပြတ်တော့မယ် နောက် ၁ ရက် ၂ ရက်ဆိုရင် မရှိတော့ဘူး၊ အထက်ကလူကြီးက ဘယ်လို စီစဉ်လုပ်မလဲ မသိဘူး၊ တင်တော့တင်ထားပြီးသွားပြီ ၊အဲ့ဒီလူကြီးကတော့ ပြောတာပေါ့ တစ်ကယ်ပြတ် သွားလို့ရှိရင် ပို့ပေးမယ်တဲ့ လှိုင်းဘွဲ့အုပ်ချုပ်ရေးမှူးပေါ့''
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကစပြီး တပ်မတော်နဲ့ DKBA ခွဲထွက်အဖွဲ့တို့ကြား မဲသေဝေါဖက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဲဒီဒေသက ဒေသခံတွေဟာ မြိုင်ကြီးငူကို လာရောက်ခိုလှုံနေကြရ တာဖြစ်ပါတယ်။
ဒုက္ခသည်ဦးရေ ၅၃၀၀ ကျော်ရှိတဲ့အတွက် တော့ဆန်ကွင်းနဲ့ မြတ်ပန်းဝတ်မှုံဆိုတဲ့ စခန်းနှစ်ခုကို ဖွင့်ထားရပါတယ်။
လက်ရှိဒီရက်ပိုင်းအတွင်းမှာလည်း တိုက်ပွဲတွေပြန်ဖြစ်နေသလို သူတို့နေရပ်ပြန်မယ့် လမ်းတစ်လျှောက်မှာ လည်း မြေမြှုပ်မိုင်းအန္တရာယ်တွေကြောင့် နေရပ်ကိုမပြန်နိုင်ကြသေးတာလို့ ပြောပါတယ်။
ရိက္ခာပြတ်နေပြီဆိုတာကို လှိုင်းဘွဲ့မြို့နယ်အုပ်ချုပ်ရေးမှူးဆီ တင်ပြထားပေမယ့် လက်ရှိအချိန်ထိတော့ စားနပ်ရိက္ခာရောက်မလာသေးဘူးလို့ ပြောပါတယ်။
အဲဒီဒုက္ခသည်တွေ စားသောက်ဖို့အတွက် တစ်ရက်ကို ဆန်အိတ် ၃၀ ဝန်းကျင်လောက် ကုန်ကျတယ်လို့လည်း ပြော ပါတယ်။