ဖာပွန်ခရိုင်ကတိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ရင်းမှူးအပါအဝင် ၇၄ ဦး သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်

RFA Burmese
2024.10.03
ဖာပွန်ခရိုင်ကတိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ရင်းမှူးအပါအဝင် ၇၄ ဦး သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၂ ခုနှစ်က ကရင်ပြည်နယ်အတွင်းတွင် တွေ့ရစဉ်။
Photo: Karen History

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ စက်တင်ဘာလက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦးအပါအဝင် ၇၄ ဦး သေဆုံးခဲ့တယ်လို့ KNU မူတြော်ခရိုင်က အောက်တိုဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) မှာ စက်တင်ဘာ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်လအတွင်း KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲ ၁၄၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးနှစ်ဦးနဲ့ ဒုတပ်ခွဲမှူးတစ်ဦး အပါအဝင် ၇၄ ဦး သေဆုံးခဲ့ပြီး တပ်ရင်းမှူးတစ်ဦး အပါအဝင် ၄၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုကိုတော့ ထည့်သွင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စက်တင်ဘာလအတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ အလုံးတစ်ရာနီးပါး ပစ်ခတ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ကလည်း ဖာပွန်မြို့ ရပ်ကွက် ၁ နဲ့ ၂ အတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အသက် ၅၀ အရွယ် ကလေးခြောက်ယောက်မိခင် နော်ဟဲခူ သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

ဖာပွန်မြို့ကို KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေထိန်းချုပ်လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ပိုင်းတိုင်း အမှတ် (၂) ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက‌ RFA ကို မတ်လကုန်က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။