လုံခြုံရေးဆိုင်ရာအရေးပေါ်ကြေညာချက် ကရင်နီပြည်အစိုးရ ထုတ်ပြန်

2022.01.17
လုံခြုံရေးဆိုင်ရာအရေးပေါ်ကြေညာချက် ကရင်နီပြည်အစိုးရ ထုတ်ပြန် ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒေသခံများကို ဇန်နဝါရီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ကယားပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်‌နေတာကြောင့် ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက လုံခြုံရေးဆိုင်ရာ အရေးပေါ်ကြေညာချက်ကို ဇန်နဝါရီလ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်မှာ ပြည်သူလူထုအနေနဲ့ ဗုံးခိုကျင်း တူးထားဖို့၊ တိုက်လေယာဉ် ပျံသန်းလာတဲ့ အသံကြားတဲ့အခါ သတိပေးချက်တွေကို အလေးထားဖို့နဲ့ တိုက်ပွဲ ဖြစ်ပွားချိန် သွားလာလှုပ်ရှားတာတွေ မလုပ်ဖို့၊ စစ်ပွဲ အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန် မျှဝေပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၁၆ ရက်ညနဲ့ ၁၇ ရက်မနက်မှာ ဒီးမော့ဆိုအနောက်ဘက်ခြမ်း နန်းမယ်ခုံနဲ့ ဖရူဆိုမြို့ အနောက်ဘက်ခြမ်း ကျေးရွာတွေမှာ ရှိတဲ့ စစ်ဘေးရှောင် စခန်းတွေကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဆယ်ကျော်သက်အရွယ်ကလေး နှစ်ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

ကယားပြည်နယ် မြို့တော် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့ ခြေကုပ်စခန်းတွေဖြစ်နေပြီး အဲဒီဒေသတွေမှာ ဒီဇင်ဘာလကစပြီး စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေခဲ့တာလို့ ကုလသမဂ္ဂက ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ကယားပြည်နယ်ရဲ့ နှစ် ၇ဝ ပြည့် ပြည်နယ်နေ့မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် တိုက်ခိုက်နေတာတွေကိုတော့ လျှော့ချတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။