ကသာမြို့ ဈေးကြီး မီးလောင်
စစ်ကိုင်းတိုင်း ကသာမြို့ ဈေးကြီးမှာ ဒီနေ့မနက် ၃ နာရီလောက်က မီးလောင်ခဲ့လို့ ဈေးကြီးတစ်ခုလုံး မီးထဲပါသွားပြီး ကျပ်ငွေ သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
-
2012-03-07 -
-
-
မီးလောင်မှု အခြေအနေနဲ့ ပတ်သက်လို့ ကသာမြို့ခံတစ်ယောက်က အခုလို ပြောပြပါတယ်။
“ကသာဈေးက တစ်ဈေးလုံးနီးနီး၊ တောင်ဘက်ပိုင်းက တိုက်ခန်း ၆ ခန်းလေးပဲ ကျန်တာ။ ဝါယာရှော့ဖြစ်ပြီးမှ၊ ရဲစခန်းက ခေါ်ပြီး စစ်ဆေးနေတယ်လို့ ပြောတယ်ဗျ။ မီးက လောင်စာတွေများတော့ အောက်မှာ တငွေ့ငွေ့နဲ့ လောင်နေတုန်းဗျ။ အဲဒါတွေကို မီးသတ်ကားက ထီးချိုင့်၊ ဗန်းမောက်၊ ကောလင်း၊ အင်းတော်၊ မော်လူး တို့က မီးသတ်ကားတွေရယ်၊ နောက် ကုမ္ပဏီတွေက ဘောက်ဆာ ရေတင်တဲ့ကားတွေ လာရောက်ငြိမ်းသတ်ကြတယ်”
ဈေးဆိုင်ခန်းပေါင်း ၃၅၀လောက်နဲ့ နေအိမ် ၁၃ လုံး မီးလောင်တယ်လို့ သိရပါတယ်။ အထည်အလိပ် ရောင်းချတဲ့ဆိုင်တွေ များပြီး အနည်းဆုံးသိန်းပေါင်း ၂၀၀၀ လောက် ဆုံးရှုံးမယ်လို့ထင်ကြောင်း စောစောက မြို့ခံက ဆက်ပြောပါတယ်။
ဒီနေ့ ဈေးမီးလောင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်သိဖို့ရာ သက်ဆိုင်ရာ မီးသတ်၊ စည်ပင်သာယာဌာနနဲ့ ရဲစခန်းတွေကို အချိန်အတော်ကြာ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရပါဘူး။ ကသာဈေးကြီးမီးလောင်တာ ဒါပထမဆုံးဖြစ်ပြီး ၁၉၈၃ ခုနှစ်ကတော့ အဲဒီဈေးနားမှာပဲ မီးလောင်ခဲ့လို့ အိမ်အမြောက်အမြား မီးထဲ ပါခဲ့တယ်လို့ သိရပါတယ်။