ရာနဲ့ချီတဲ့ သံဃာတွေ ကယားပြည်နယ်က ထွက်ပြေးနေရ

ကယားပြည်နယ်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ရာနဲ့ချီပြီး စစ်ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ မျက်မြင်သက်သေတွေက မနေ့က ပြောတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ ကယားပြည်နယ် က တိုက်ပွဲတွေကြောင့် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့တွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး အဲဒီအထဲမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း သုံးဆယ်လောက်က ရဟန်းတွေလည်း ကျောင်းကိုစွန့်ပြီး ထွက်ပြေးခဲ့ကြရတယ်လို့ ရှမ်းပြည်နယ်အတွင်း ထွက်ပြေးခိုလှုံလာတဲ့ ဘုန်းတော်ကြီးတစ်ပါးက AFP ကို ပြောပါတယ်။
ဘုန်းကြီးကျောင်းလို ဘာသာရေးအဆောက်အဦးတွေဟာ ပြည်သူတွေဒုက္ခ ရောက်တဲ့အခါ လုံခြုံရာအရပ်အဖြစ် ခိုလှုံလေ့ရှိတဲ့နေရာတွေဖြစ်ပေမယ့် အခုတော့ ဘုန်းကြီးတွေကိုယ် တိုင် ထွက်ပြေးနေရပါတယ်။ လွိုင်ကော်မြို့က လူဦးရေတဝက်ကျော်လောက်က ထွက် ပြေးနေရတာလို့ ကုလသမဂ္ဂ ပြောပါတယ်။
ဒီးမော့ဆိုမြို့မှာလည်း ဘုန်းကြီး ကျောင်း ၁၂ ခုလောက် ပစ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။
ခရစ်ယာန်ဘုန်းတော်ကြီး အပါးသုံးဆယ်လောက်လည်း လွိုင်ကော်မြို့ကနေ ပြီးခဲ့တဲ့ အပတ်က ထွက်ပြေးခဲ့ရတယ်လို့ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးက ပြောပါတယ်။ အမည်မဖော်လိုတဲ့ ရဲတစ်ဦး AFP ကို ပြောတာကတော့ သူပုန်တပ်ဖွဲ့တွေက အကျဉ်းစခန်း တစ်ခုကို တိုက်ခိုက်ခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အိမ်တွေကို သိမ်းထားတယ်လို့ ဆိုပါတယ်။ လွိုင်ကော်မြို့ဟာ သုသာန်တစ်ခုလိုဖြစ်နေပြီး နေ့စဉ် မော်တော်ယာဉ် အစီးခြောက်ရာလောက် မြို့ကနေ ထွက်ခွာနေကြတယ်လို့လည်း အဲဒီရဲက ပြောပါတယ်။ ကယားပြည်နယ် မြို့တော် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့ ခြေကုပ်စခန်းတွေဖြစ်နေပြီး အဲဒီဒေသတွေမှာ ဒီဇင်ဘာလကစပြီး စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေခဲ့တာလို့ ကုလသမဂ္ဂက ပြောပါတယ်။