မယ်စဲ့တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးရသူ ၄၀၀၀ ကျော်လာ
ကယားပြည်နယ် မယ်စဲ့မြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေး ခိုလှုံနေတဲ့ ဒုက္ခသည် ၄၀၀၀ ကျော်အထိရှိလာပါတယ်။
-
RFA Burmese
2023-06-21 -
-
-
ကယားပြည်နယ် မယ်စဲ့မြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေး ခိုလှုံနေတဲ့ ဒုက္ခသည် ၄၀၀၀ ကျော်အထိရှိလာနေပြီး လူဦးရေ ဒီထက် ပိုတိုးလာနိုင်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ဇွန်လ ၂၁ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
မယ်စဲ့မြို့အတွင်းက ရဲစခန်းနဲ့ စစ်ကောင်စီ တပ်စခန်း တချို့ကို ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၁၃ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို လေကြောင်းကပါ တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် သေခံတွေနဲ့ မယ်စဲ့မြို့မှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေပါ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာပါ။
မယ်စဲ့မြို့မှာ လူဦးရေ ၃၀၀၀ ဝန်းကျင်နေထိုင်ပြီး ယခင်နယ်စပ်ဒုက္ခသည်စခန်းမှာ နေထိုင် နေသူတွေ၊ အာဏာသိမ်းပြီးနောက်ပိုင်း ဘောလခဲ၊ ဖရူဆို၊ ဒီးမော့ဆိုမြို့နယ်တွေက တိမ်းရှောင်လာသူတွေနဲ့ဆိုရင် လူဦးရေ ၆၀၀၀ ဝန်းကျင်အထိရှိနိုင်တယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
အဲဒီထဲမှာ လက်ရှိထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေရသူ လေးထောင်ကျော်ရှိနေပြီး ကျန်တဲ့ သူတွေကတော့ တောတောင်တွေထဲနဲ့ နီးစပ်ရာဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေ ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် မယ်စဲ့မြို့ကနေ တခြားမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေ ပိတ်နေပြီး ဒုက္ခသည်တွေအနေနဲ့ အလုံခြုံဆုံးနဲ့ သွားဖို့ အလွယ်ကူဆုံးဖြစ်တဲ့ ထိုင်းဘက်အခြမ်းကို အများဆုံး ထွက်ပြေးကြတာလို့ ကိုဗညားက ပြောပါတယ်။
“အခုပြေးတဲ့သူတွေအားလုံးက ဖားဆောင်းဘက်ကို ဆင်းလို့မရဘူးပေါ့နော်။ သွားလို့ရတာ အကောင်းဆုံးကတော့ တချို့ရွာသစ်ဘက်က ဒုက္ခသည်စခန်းကို ရွှေ့နိုင်တယ် မဟုတ်ဘူး ဆိုရင် ထိုင်းဘက်အခြမ်းပဲ။ ထိုင်းဘက်အခြမ်းမှာတောင်မှ ခွန်ယုံမြို့ကိုရွှေ့လို့ရတာရှိမယ် မယ့်စရမ်းမြို့နယ်ဘက်ကို ရွှေ့လို့ရတာ တစ်ခုရှိတယ်။ ထိုင်းဘက်ကထုတ်ပြန်ချက်နဲ့ ကျွန်တော်တို့ရတဲ့ စာရင်းအရဆိုရင် လေးထောင်ကျော်ပြီ ငါးထောင်နားကပ်သွားနိုင်တာပေါ့"
တိုက်ပွဲကြောင့် ထွက်ပြေးရသူတွေကို ထိုင်းဘက်အခြမ်းက မယ်ဟောင်ဆောင် ပြည်နယ် နယ်စပ်စစ်ဆေးရေး ဌာနက ကူညီထားပြီး ဇွန်လ ၁၅ ရက်နေ့အထိ ထိုင်းဘက်အခြမ်းကို ရောက်လာသူ ၃၃၄၂ ဦး ရှိတယ်လို့ ထိုင်းနိုင်ငံအခြေစိုက်သတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းဘက်အခြမ်းကို ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပြန်ကြားရေး တာဝန်ရှိသူတွေ ကိုလည်း RFA ကဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
မယ်စဲ့မြို့မှာတော့ ဇွန်လ ၂၀ ရက် မနေ့ကအထိ စစ်ရေးအခြေအနေက ဆက်လက် တင်းမာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။