ခင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုးနေလို့ ဒေသခံတစ်သောင်းနီးပါး ထွက်ပြေး

RFA Burmese
2024.01.24
ခင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုးနေလို့ ဒေသခံတစ်သောင်းနီးပါး ထွက်ပြေး စစ်ကြောင်းဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ခင်ဦးမြို့နယ်မှ ဒေသခံများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာတွေကို ဇန်နဝါရီ ၂၄ ရက် မနက် ၇ နာရီ ကတည်းက စစ်ကောင်စီ တပ်က ဝင်ရောက်စီးနင်းနေတာကြောင့် အရပ်သား တစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အားနှစ်ရာနီးပါးရှိတဲ့ စစ်ကြောင်းနှစ်ခုဟာ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းက ရေအေးကုန်းရွာနဲ့ မြောက်ဘက်ခြမ်းက ကျောက်ဆည်ကန်ရွာတွေကို တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းခဲ့တာပါ။

ဒါကြောင့် ကျီးကန်၊ ရေအေးကုန်း၊ သံဘို၊ ကြို့ကန်၊ လက်ပံလှ၊ ရွာသန်း၊ ပန်းတွင်း၊ လောင်းရှည်၊ ပေါက်တံ၊ ဝန်းကြီး၊ လက်ပံကြီးနဲ့ ကျောက်ဆည်ကန် စတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ခင်ဦးမြို့နယ် စစ်ဘေးဒုက္ခသည်အရေး ကူညီသူတစ်ဦးက RFAကို ပြောပါတယ်။

"အင်အားနှစ်ရာကျော်တဲ့ စစ်ကြောင်းနှစ်ကြောင်းက ခင်ဦးကို တောင်ရော မြောက်ရေးကနေ ညှပ်ပြီး ထိုးနေတာ။ ဒီစစ်ကြောင်းက မနေ့က မန္တလေးကနေ သံချပ်ကာကားအစီး နှစ်ဆယ်နဲ့ ရွှေဘို လေ့ကျင့်ရေး-၈ကို အင်အား လာဖြည့်ထားတာပါ။ လောလောဆယ် ရွာတွေကို ဝင်နေတာဆိုတော့ အခြေအနေကတော့ စောင့်ကြည့်နေရဆဲပါပဲ"

ဒေသခံတွေဟာ တောင်ယာတွေနဲ့ နီးစပ်ရာရွာတွေမှာ လတ်တလော ခိုလှုံနေတယ်လို့ သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းတိုင်းပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေ ကြောင့် အရပ်သား ၂ ဒသမ ၆ သန်း ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။