၂၁ ပင်လုံမတိုင်ခင် NCA လက်မှတ်ထိုးဖို့ KNPP ကို အစိုးရ တိုက်တွန်း

စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ မတိုင်ခင် အောက်တိုဘာလ ဒါမှမဟုတ် စက်တင်ဘာလလောက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကို အစိုးရက တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ၂၀၁၉ ဇူလိုင် ၁၇ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ် Photo: Thiha Tun/RFA

စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ မတိုင်ခင် အောက်တိုဘာလ ဒါမှမဟုတ် စက်တင်ဘာလလောက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကို အစိုးရက တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာ NRPC နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ဒီနေ့ နေပြည်တော်က NRPC မှာ တွေ့ဆုံပြီး NCA လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ အပါအဝင် ဒေသတွင်းဖွံ့ဖြိုးရေးနဲ့ စီးပွားရေးကိစ္စ၊ ငြိမ်းချမ်းရေး စတာတွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အစိုးရငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေက KNPP ကို အောက်တိုဘာလ ဒါမှမဟုတ် စက်တင်ဘာလလောက်မှာ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ အစိုးရက အဆိုပြု တိုက်တွန်းခဲ့တာဖြစ်ပြီး KNPP အနေနဲ့ NCA လက်မှတ်မထိုးနိုင်သေးတာဟာ ဒေသတွင်းမှာဖြစ်ပွားနေတဲ့ အခြေအနေတွေရဲ့ ရိုက်ခတ်မှုတွေရှိနိုင်တယ်လို့လည်း ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးလာတာ အရင်အစိုးရလက်ထက်ကစပြီး ခုအချိန်အထိ ခုနှစ်နှစ်နီးပါးရှိနေပြီဖြစ်ပေမယ့် အဆင်ပြေတဲ့အဆင့်ကို ရောက်ရှိဖို့ ကြိုးစားနေရဆဲပဲလို့ KNPP ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်က ဒီနေ့မနက်ပိုင်းက အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အများကြားကောင်းအောင် ယေဘုယျအားဖြင့် နှစ်ဘက်သဘောတူညီ တယ်ဆိုတဲ့အဆင့်ကို ကျော်လွန်ပြီး ခိုင်မာတိကျတဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အဖြေရှာဖွေမှုတွေ ရဖို့ ကြိုးပမ်းသင့်ပြီလို့ ခူဦးရယ်က ပြောပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို အစိုးရငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ တပ်မတော်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ KNPP ဘက်က အမြဲတမ်းဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဘုန်းနိုင်၊ အမြဲတမ်းဗဟိုကော်မတီဝင် မော်ဒေးဒေးဖော တို့ ဦးဆောင်တက်ရောက်ခဲ့ပါတယ်။

KNPP ရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ ပြောခွင့်ရ နဲနယ်ပလိုးက အစိုးရက NCA လက်မှတ်ထိုးဖို့ အဆိုပြုချက်နဲ့ ပတ်သက်လို့ အဖွဲ့ခေါင်းဆောင်တွေနဲ့ ပြန်ဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိတဲ့ကိစ္စနဲ့အပါအဝင် အဲဒီအပေါ် ဆန့်ကျင် ကန့်ကွက်တဲ့သူတွေ တရားစွဲဆိုခံထားရတာနဲ့ ပတ်သက်လို့လည်း KNPP ဘက်က ဆွေးနွေးခဲ့ပေမယ့် တစ်စုံတစ်ရာ သဘောတူညီချက် ရတဲ့အဆင့်အထိ မရောက်ခဲ့ဘူးလို့ နဲနယ်ပလိုးက ပြောပါတယ်။

KNPP ဘက်ကတော့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကို ဆက်လက်လျှောက်လှမ်းမယ်လို့ ကတိပြုခဲ့ပေမယ့် NCA လက်မှတ်ထိုးဖို့ကတော့ လက်တွေ့ ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အကြောင်းတွေအပေါ်အခြေခံပြီး ယုံကြည်မှု ဒီထက်ရဖို့ လိုအပ်တယ်လို့ KNPP ခေါင်းဆောင်တွေက ပြောပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးကတော့ KNPP အနေနဲ့ NCA လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး အစိုးရနဲ့ လက်ရှိ ထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ပေးနိုင်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ကယားပြည်နယ်က နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးအပါအဝင် ပြည်နယ် အစိုးရအဖွဲ့ဝင် တချို့လည်း တက်ရောက်ခဲ့ပါတယ်။

လာမယ့် ဇူလိုင် ၂၀ ရက်နေ့မှာ လစဉ်ပုံမှန်အစည်းအဝေးအဖြစ် KNPP နဲ့ ကယားပြည်နယ်အစိုးရတို့ တွေ့ဆုံဖို့ရှိတယ်လို့ ပြောပါတယ်။

မနက်ဖြန်မှာတော့ တပ်မတော်နဲ့ KNPP တို့ ထပ်မံတွေ့ဆုံဖို့ရှိပြီး တပ်ပိုင်းဆိုင်ရာကိစ္စတွေအပါအဝင် ပြည်နယ်အတွင်း တပ်မတော်နဲ့ ပြည်သူတွေအကြား ဖြစ်ပွားနေတဲ့ မြေယာ အငြင်းပွားတဲ့ ကိစ္စတွေကိုပါ ဆွေးနွေးမယ်လို့ သိရပါတယ်။

(RFA သတင်းထောက် သီဟထွန်း ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org