စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု KNPP ငြင်း

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကနေ ပေးပို့လာတဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုဟာ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့တွေ့ဆုံမှု မဖြစ်တဲ့ အတွက် အခုလိုအချိန်မှာ တွေ့ဆုံဆွေးနွေးနိုင်မှာ မဟုတ်ဘူးလို့ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP) က မေလ ၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် သူကိုယ်တိုင် တွေ့ဆုံဆွေးနွေးမယ့်အကြောင်း ရုပ်မြင်သံကြားကနေ တစ်ဆင့် ပြောဆိုကမ်းလှမ်းခဲ့ပြီးနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီက ထပ်ဆင့်အသိပေး ဖိတ်ခေါ်လာတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ သဘောတူလက်ခံ ထားတဲ့ အင်အားစုအားလုံးကို ဖိတ်ခေါ်ညှိနှိုင်းသွားမှသာ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းအတွက် လမ်းပွင့်သွားစေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်နဲ့ တိုင်းပြည်နဲ့ လူထုရဲ့ မျက်နှာကို ထောက်ရှုပြီး ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ အင်အားစုတွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာဖို့ လိုတယ်လို့လည်း KNPP က ပြောပါတယ်။
“အားလုံးပါဝင်ရေး၊ ပါဝင်လာပြီဆိုရင်တော့ ဒါက ဆွေးနွေးရမှာပဲ။ ဘယ်လိုပဲတိုက်နေ တိုက်နေ နောက်ဆုံးက ဆွေးနွေးမှုတစ်ခုနဲ့ အဆုံးသတ်ရမှာပဲ။ တစ်နိုင်ငံလုံးမှာ တော်လှန်နေတဲ့ လူတွေအားလုံး ပါဝင်လာရင်တော့ KNPP အနေနဲ့ ပါဝင်လာမှာပဲ” လို့ KNPP အတွင်းရေးမှူး (၁) ခူဒယ်နီယာက RFA ကို ပြောပါတယ်။
ဒီလိုတွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် လက်ရှိစစ်တပ်ရဲ့ ဒေသအသီးသီးသို့ ထိုးစစ်ဆင်နေမှု တွေကို ခြွင်းချက်မရှိ အမြန်ဆုံးရပ်တန့်ဖို့ ၊ စစ်အင်အားဖြည့်ဆည်းနေမှုတွေကို ချက်ချင်း ရုပ်သိမ်းဖို့လိုတယ်လို့ ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေကို တရားဝင် လွတ်လွတ်လပ်လပ် ပံ့ပိုးကူညီနိုင်ဖို့ ခွင့်ပြု ပေးရမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မတရားညှဥ်းဆဲ သတ်ဖြတ်တာတွေနဲ့ အသက်ဆုံးရှုံးသွားရတဲ့ ပြည်သူတွေအတွက် ကျူးလွန်သူတွေကို စစ်ကောင်စီကနေ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဥပဒေကြောင်း အရ အရေးယူဖို့ တောင်းဆိုထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KNPP ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရေးထိုးထားပေမယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာတော့ လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါဘူး။
လက်ရှိမှာတော့ ကယား (ကရင်နီ) ပြည်နယ်အတွင်းမှာ KNPP ဟာ သူ့ရဲ့လက်အောက်ခံ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေပါတယ်။