ICC မှာ စစ်ဆေးရေးကို ထောက်ခံကြောင်း KNU Concerned Group ထုတ်ပြန်

ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှာ စစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကို ထောက်ခံတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concerned Group က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ကို တွေ့ရစဉ်

ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှာ စစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကို ထောက်ခံတယ်လို့ ကရင် အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concerned Group က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့တပ်မတော်က ရခိုင်ပြည်နယ်မှာပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလိုမျိုး ကရင်ပြည်နယ် အပါအဝင် တခြားတိုင်းရင်းသား ဒေသတွေမှာလည်း ဖြစ်ခဲ့ဖူးတာကြောင့် ICC ဆုံးဖြတ်ချက်ကို ထောက်ခံတာလို့ အဖွဲ့ရဲ့ ပြောခွင့်ရသူ နော်စီဖိုးရာစိန် က RFA ကို ပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ တပ်မတော်က ကျူးလွန်နေတဲ့ crimes against humanity ပေါ့လေ၊ ကျမတို့ ဒါကို ထောက်ခံတာကတော့ ဒီလိုပုံစံနဲ့ ဟိုးအရင်ကလည်း ကရင်ပြည်နယ်နဲ့ တစ်ခြားတိုင်းရင်းသားပြည်နယ်မှာ ဖြစ်ခဲ့ဖူးတယ်လို့ အဲဒါက ကျမတို့ ဒါကို ထောက်ပြချင်တယ်"

မြန်မာ့တပ်မတော်က ရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ လယ်ယာတွေ၊ တောင်ယာတွေနဲ့ စပါးကျီတွေကို ဖျက်ဆီးတာ မျိုးတွေလည်း ကရင်ပြည်သူလူထုတွေက ခံခဲ့ရတယ်လို့ KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် က ပြောပါတယ်။

ဒါ့အပြင် ကရင်၊ ကချင်၊ ရှမ်း၊ ကရင်နီနဲ့ တခြားတိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်က သက်ကြီး ရွယ်အိုတွေနဲ့ ကလေးငယ်တွေအပါအဝင် လူထောင်နဲ့ချီပြီး သတ်ဖြတ်တာ၊ ရာနဲ့ချီတဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တွေ့ကြုံခဲ့ဖူးတယ်လို့ KNU Concerned Group ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲဒီလုပ်ရပ်တွေဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးတွေအပေါ်မှာ မြန်မာ့တပ်မတော်ဘက်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပုံစံတွေနဲ့ တူနေတယ်လို့လည်း ဖော်ပြထားပါတယ်။

KNU Concerned Group ရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ကို RFA က ဆက်သွယ်မေးမြန်းကြည့်ရာမှာ KNU နဲ့ မပတ်သက်ကြောင်း၊ အဲဒီအဖွဲ့အတွင်း လက်ရှိ KNU အဖွဲ့မှာ တာဝန်ရှိ သူတွေ မပါဝင်ကြောင်း၊ သူတို့ဟာ လက်ရှိ KNU ခေါင်းဆောင်တွေသွားနေနဲ့ NCA လမ်းကြောင်းကို အမြဲတမ်းေ၀ ဖန်နေတဲ့အဖွဲ့ဖြစ်ကြောင်း အမည်မဖော်လိုတဲ့ KNU ဗဟိုကော်မတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။

KNU Concerned Group ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင်ဟောင်းတွေ၊ အဖွဲ့ဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဖြစ်စဉ်ကို သုံးသပ်နေတဲ့အဖွဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org