မြန်မာဒုက္ခသည်တွေအရေး KNU၊ UNHCR နဲ့ အကူအညီပေးရေးအဖွဲ့တွေ ဆွေးနွေး
2022.01.12

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးလာနေတဲ့ လူသားချင်း စာနာမှုအကြပ်အတည်း အကြောင်း ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၂ရက် မနေ့က ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း FCCT မှာ ကျင်းပခဲ့ရာမှာ ကရင်အမျိုးသားအစည်းအရုံး KNU က တာဝန်ရှိသူတစ်ဦး၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ထိုင်းမြန်မာနယ်စပ်မှာအခြေစိုက်တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေ တက်ရောက် စကားပြောခဲ့ကြပါတယ်။
ကရင်အမျိုးသား အစည်းအရုံး KNU ဟာ မြန်မာအစိုးရနဲ့ အပစ်ရပ်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာ ၁၀ နှစ်ပြည့်ပြီဖြစ်ပေမဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုမရှိဘဲ မကြာသေးခင်က တိုက်ခိုက်မှုတွေ တကျော့ပြန် ဖြစ်လာတာသာ ရှိတယ်လို့ KNU နိုင်ငံခြားရေးဌာနအတွင်းရေးမှုး စော နင်ရောဒ် အင်ဒရူးက ပြောသွားတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် အနည်းဆုံးပြည်သူ ၆ သိန်းခွဲလောက် နေအိမ်စွန့်ခွာ ထွက်ပြေးပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေရကြောင်း၊ KNU နယ်မြေတွေ တည်ရှိတဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေမှာဆိုရင် ပြီးခဲ့တဲ့နှစ်အတွင်း တိုက်ခိုက်မှုတွေ တိုးလာပြီး၊ ဒေသခံ တစ်သိန်းခွဲလောက် အိုးမဲ့အိမ်မဲ့ ဖြစ်နေရတဲ့အကြောင်းလည်း သူက ပြောပါတယ်။
KNU နဲ့ မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးယူပြီး စံပြကျေးရွာအဖြစ် တည်ဆောက်ခဲ့တဲ့ ကရင်ပြည်နယ် လေးကေ့ကော်ဒေသမှာ လာရောက်ခိုလှုံနေသူတွေကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့ပြီးနောက်ပိုင်း KNU တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အကြောင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ နောက်ပိုင်း ဒေသခံပြည်သူ အနည်းဆုံး ၁၂၀၀ဝ လောက်အထိ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြပြီး အများစု က ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံခဲ့ကြတဲ့ အကြောင်း၊ အဲဒီနောက် ဒေသခံ ၉၀၀၀ လောက် မြန်မာနိုင်ငံဘက်ကို ပြန်လာခဲ့တဲ့အတွက် အမျိုးသမီးနဲ့ကလေးငယ်တွေ အများစု ပါဝင်တဲ့ လူ ၂၀၀၀ လောက် ထိုင်းနိုင်ငံဘက်က ယာယီဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်ကြဆဲဖြစ်တယ်လို့ စော နင်ရော့ဒ် အင်ဒရူးက ပြောပါတယ်။
ထိုင်းနိုင်ငံဘက်မှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ဒေသခံထိုင်းနိုင်ငံသားတွေ ထိုင်းအာဏာပိုင်တွေနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက အကူအညီ ပေးနေပေမယ့် ထိုင်းအာဏာပိုင်တွေက ဒီစစ်ပြေး ဒုက္ခသည်တွေကို ယာယီအဖြစ်နဲ့သာ ရှုမြင်ထားပြီး၊ မကြာခင် မြန်မာနိုင်ငံဘက်ကို ပြန်သွားကြလိမ့်မယ်လို့ မျှော်လင့်နေကြကြောင်း၊ ရေရှည်အနေနဲ့ ဒီစစ်ပြေးဒုက္ခသည် ပြဿနာကို နယ်စပ်လုံခြုံရေး ကိစ္စအနေနဲ့ မရှုမြင်ဘဲ လူသားချင်း စာနာမှု အကြပ်အတည်းအဖြစ် ရှုမြင်ပြီး ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ဖို့အတွက် အဓိကထားစဉ်းစားသင့်တယ်လို့ သူက တိုက်တွန်း ပြောကြားသွားပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုနဲ့ ကိုဗစ် ၁၉ ကပ်ရောဂါရဲ့ သက်ရောက်မှုတွေကြောင့် ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ်နောက်ပိုင်း အဆိုးဝါးဆုံး လူသားချင်းစာနာမှု အကျပ်အတည်းကို ကြုံနေရပြီလို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ကြေညာထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ထိုင်းမြန်မာ နယ်စပ်တစ်လျှောက်က ဒေသတွေမှာ တိုက်ခိုက်မှုတွေ တိုးမြှင့်နေသလိုပဲ ဒေသခံပြည်သူတွေအပေါ်မှာ လုံခြုံရေးအရ တင်းကြပ်မှုတွေ ဆောင်ရွက်နေကြောင်းနဲ့ မြန်မာနိုင်ငံအတွင်းက လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူတွေဆီကို နိုင်ငံတကာ အဖွဲ့အစည်းတွေ သွားရောက် အကူအညီပေးခွင့်မရတာ အဓိကပြဿနာ ဖြစ်နေတယ်လို့ ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ Thai Border Consortium အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး Sally Thompson က ပြောပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ စားနပ်ရိက္ခာမလုံလောက်မှု ကြုံနေရသူ ပြည်သူအရေအတွက် နှစ်ဆတိုးလာပြီး အရေအတွက် လေးသန်းလောက်ထိ ရှိလာကြောင်း ကုလသမဂ္ဂ အေဂျင်စီတွေက ကြေညာထားပြီး၊ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ မြန်မာနိုင်ငံ လူဦးရေ ၅၄ သန်းရဲ့ ထက်ဝက်နီးပါးလောက်ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ကို ရောက်နေမယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က ခန့်မှန်းထားပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ဝင်ရောက်ခွင့်ရဖို့ အာဆီယံဦးဆောင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ ရှိနေပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထား ကွဲလွဲမှုတွေကြောင့် ထိရောက်မှု မရှိတဲ့အကြောင်း၊ မြန်မာနိုင်ငံတွင်းက လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေဟာလည်း အာဏာပိုင်တွေရဲ့ တိုက်ခိုက်မှုတွေကို ကြုံခဲ့ရတဲ့အကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း ထိုင်းနယ်စပ် တလျှောက်မှာ မြန်မာစစ်တပ်က ရှင်းလင်းရေး စစ်ဆင်ရေးလုပ်ဆောင်နေတဲ့အတွက် အခြေအနေ အဆိုးဆုံး ဖြစ်နေတယ်လို့ ဆွေးနွေးပွဲ တက်ရောက်လာကြသူတွေက ပြောကြားခဲ့ကြပါတယ်။