ကိုထင်ကျော်ကို နောက် ထပ် ထောင်ဒဏ် ၁ နှစ်နဲ့ ၄ လ ချမှတ်
‘ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု’ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် တစ်နှစ်၊ တရားမဝင် စီတန်း လှည့်လည်မှုဆိုင်ရာ ပုဒ်မ ၁၈ အတွက် အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၄ လ ကျခံဖို့ ဒီနေ့ မြောက်ဥက္ကလာပမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
-
2014-09-03 -
-
-
‘ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု’ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်ကြမ်း နဲ့ထောင်ဒဏ် တစ်နှစ်၊ တရားမဝင်စီတန်း လှည့်လည်မှု ဆိုင်ရာ ပုဒ်မ ၁၈ အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ လ ကျခံဖို့ ဒီနေ့ မြောက်ဥက္ကလာပမြို့နယ်တရားရုံး က အမိန့်ချမှတ်ခဲ့ပါတယ်။
တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ ‘ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု’ အဖွဲ့ပြန်ကြားရေး တာဝန်ခံ ကိုကျော်လွင်က အခုလို ပြောပါတယ်။
"၁၈ ရက် ၄ လပိုင်းက ပြည်ထောင်စုအစိုးရကို အလိုမရှိ၊ ဆန္ဒပြတာကို ၅၀၅ (ခ) နဲ့ အရေး ယူတယ်၊ ညပိုင်းမှာ ဖယောင်းတိုင် မီးထွန်း ပြီးတော့ ဆန္ဒ ထုတ်ဖော်တာကို ပုဒ်မ (၁၈) နဲ့ ၄ လ ချတယ်၊ ပုဒ်မ (၁၈) နဲ့က ကျောက်တံတားမှာ ၃ လ သမီးကလေးကျေးရွာကို ဆန္ဒပြလို့၊ နောက် ပြီးတော့ ဗဟန်းမှာ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကို မရမ်းကုန်း ပြည်သူတွေခေါ်သွားလို့ အဲ့ဒီမှာ လည်း ၃ လ၊ အခုဒီမှာထပ်ချတာက ၄ လ"
ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေလိုက်ဝေခဲ့တဲ့ ကိုထင်ကျော်ကို မြို့နယ် ၁၁ မြို့နယ်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုထားပြီး ဒီနေ့ မြောက်ဥက္ကလာပမြို့နယ်အပါအဝင် ၉ မြို့နယ်က အမိန့်ချထားပြီးဖြစ်ပါတယ်။
ကိုထင်ကျော်ဟာ မြို့နယ် ၉ မြို့နယ်က ပုဒ်မ ၅၀၅ (ခ) အတွက် ချမှတ်ထားတဲ့ ထောင်ဒဏ်စုစုပေါင်း ၈ နှစ်နဲ့ ၆ လ ကျခံရမှာဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကိုထင်ကျော်ကို ရွှေပြည်သာမြို့နယ်တရားရုံးက နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမိန့်ချမှာဖြစ်ပါတယ်။