မန္တလေးခရိုင် NLD ပါတီ ဒုဥက္ကဋ္ဌ ဇနီး စစ်ကြောရေးမှာ သေဆုံး
မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ ဦးကိုကိုလေးရဲ့ ဇနီး ဒေါ်စိုးစိုးဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ဧပြီလ ၁၈ ရက်နေ့က စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ပါတီဗဟို ကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
- 2022-04-21
-
-
-
မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ ဦးကိုကိုလေးရဲ့ ဇနီး ဒေါ်စိုးစိုး ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ဧပြီလ ၁၈ ရက်နေ့က စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ပါတီဗဟို ကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
သူဟာ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ပဲ ဆုံးပါးသွားတာလို့ အဲဒီ ပါတီဗဟိုကော်မတီဝင်က ပြောပါတယ်။
"လာဖမ်းစဉ်မှာကတည်းက နှိပ်စက်ခံရတယ်။ ပေါင်တွေကို ဓားနဲ့ မွှန်းတယ်။ အသက်ကြီးနေပြီဆိုတော့ နှိပ်စက်တာတွေကို ခံနိုင်ရည်လည်း ရှိမှာမဟုတ်ဘူး။ အိမ်နီးချင်းတွေ၊ ပါတီဝင်တွေနဲ့ အမျိုးသားဖြစ်သူ ဦးကိုကိုလေးကလည်း သေဆုံးတာကို အတည်ပြုတယ်။ ဒါပေမဲ့ Dead Body ပြန်မရဘူး။ စစ်ကောင်စီရဲ့ နှိပ်စက်မှုက ဖက်ဆစ်တွေ နှိပ်စက်တယ်ဆိုတာ ရယ်စရာဖြစ်သွားပြီ။ ညှဥ်းပန်းနှိပ်စက်မှုပေါင်းစုံနဲ့ ပြည်သူတွေကို ရန်မူနေတာ"
အသက် ၅၀ ကျော်အရွယ် ဒေါ်စိုးစိုးဟာ ဖမ်းဆီးခံရစဉ်က ကျန်းမာရေးကောင်းမွန်သူ ဖြစ်တယ်လို့ ဆိုပါတယ်။ သူသေဆုံးတဲ့သတင်းဟာ သင်္ကြန်နောက်ဆုံးရက်မှာကတည်းက စတင်ထွက်ပေါ်လာတာလို့လည်း ပြောပါတယ်။
ဒေသတွင်း မီဒီယာအချို့မှာတော့ ဒေါ်စိုးစိုးရဲ့ အလောင်းကို မန္တလေး ၃၅ လမ်း ဂေါ်ရာကွင်း အနီးမှာ လာရောက် စွန့်ပစ်ထားတယ်လို့ ဖော်ပြကြပေမယ့် RFA အနေနဲ့တော့ အတည် မပြုနိုင်သေးပါဘူး။
ဒေါ်စိုးစိုး ဖမ်းဆီးခံရပြီးနောက် သူ့ရဲ့ အိမ်နီးနားချင်း ငါးဦးလည်း ဆက်လက်အဖမ်းခံထား ရပြီး လတ်တလောမှာတော့ သူတို့နဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါ်စိုးစိုး သေဆုံးတဲ့ကိစ္စအပါအဝင် အိမ်နီးချင်းငါးဦး ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် လတ်တလော အကြောင်းမပြန်သေးပါဘူး။
မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ ဦးကိုကိုလေးကတော့ စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုတွေကြောင့် လွတ်မြောက်နယ်မြေတစ်ခုမှာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ အခု ၂၀၂၂ ဧပြီလအထိ RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီက ဖမ်းဆီးသွားပြီးတဲ့နောက် စစ်ကြောရေးမှာ သေဆုံးသူ ၁၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။