မြန်မာသတင်းမီဒီယာကဏ္ဍ ခြိမ်းခြောက်ခံနေရလို့ ကိုမင်းကိုနိုင် ပြောကြား
မြန်မာနိုင်ငံရဲ့ မီဒီယာကဏ္ဍဟာ ခြိမ်းခြောက်ခံနေရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ ပြောပါတယ်။
-
2014-07-18 -
-
-
မြန်မာနိုင်ငံရဲ့ မီဒီယာကဏ္ဍဟာ ခြိမ်းခြောက်ခံနေ ရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ ပြောပါ တယ်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ သတင်း မီဒီယာတွေ ဖမ်းဆီးထောင်ချခံရနေတာတွေ၊ တရားစွဲဆို ခံရတာတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေနဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးအပြီးမှာ ကိုမင်းကိုနိုင်က သတင်းထောက်တွေကို ပြောလိုက် တာဖြစ်ပါတယ်။
"ကျနော်တို့ မြန်မာနိုင်ငံရဲ့ မီဒီယာလောကဟာ အနိမ့်ဆုံးအဆင့်ကတော့ ခြိမ်းခြောက်ခံနေရပြီလို့ ကျနော်တို့ သတ်မှတ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်မှာ တချို့အကြောင်းအရာတွေ ဟာ ရေးသားလို့ရတယ်၊ သတင်းလိုက်တယ်ဆိုတာကတော့ အင်မတန် အခက်အခဲရှိတယ်ဆိုတာတွေ့ရတယ်၊ သတင်းလွတ်လပ်ခွင့်လို့ ပြောကြတဲ့နေရာမှာ ဂျာနယ်လစ်တွေရဲ့ လွတ်လပ်ခွင့် ဂျာနယ်လစ်မှန်ရင် လွတ်လပ်ခွင့် ကိုလည်း ရအောင်ယူရမယ်၊ တာဝန်ခံမှုလည်း အပြည့်ထည့်ရမယ်လို့ ကျနော်တို့ ယူဆတယ်"
ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ သတင်းမီဒီယာဥပဒေဟာ သတင်းသမားတွေအတွက် ထိရောက်တဲ့ အကာအကွယ် ပေးနိုင်မှုမရှိကြောင်း၊ သတင်းလွတ်လပ်ခွင့်ဆုံးရှုံးတာဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ဆုံးရှုံး မှုဖြစ်ကြောင်းလည်း ကိုမင်းကိုနိုင်က ပြောပါတယ်။
သတင်းလွတ်လပ်ခွင့် ရရှိဖို့အတွက် တရားမျှတတဲ့ လှုပ်ရှားမှုတွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ ဝန်းရံပေးသွားမယ်လို့ပြောကြောင်း ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဒီနေ့တွေ့ဆုံဆွေးနွေးရာမှာပါဝင်တဲ့ ဧရာဝတီသတင်းမဂ္ဂဇင်း အယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။
"အခုလက်ရှိ ကျနော်တို့ကြုံနေရတဲ့ အခြေအနေအားလုံးကို သူတို့ကိုပြောပြတယ်၊ ဥပဒေပိုင်းအရလည်း ကျနော်တို့မှာ ဖြစ်နေတာတွေအားလုံးကို ပြောပြတယ်၊ နောက်ပြီးတော့ အဓိကကတော့ သူတို့နဲ့ သဘောတူညီခဲ့တာကတော့ သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရတယ်ဆိုတာကိုတော့ သူတို့သဘောတူတယ်၊ အဲတော့ သတင်းလွတ်လပ်ခွင့်အတွက် တရားမျှတဲ့လှုပ်ရှားမှုတွေမှန်သမျှ ဝန်းရံပေးမယ်ဆိုပြီးတော့ သူတို့ဘက်ကပြောတယ်"
ဒ့ါအပြင် သတင်းမီဒီယာသမားတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍက တာဝန်ရှိသူတွေကို တင်ပြသင့်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ပါတယ်။