ရခိုင်မှာ စစ်ရေယာဉ်ပေါ် နှိပ်စက်ခံခဲ့ရတဲ့သူတွေ အကြမ်းဖက်ပုဒ်မနဲ့ စွဲချက်တင်ခံရ

2022.01.12
ရခိုင်မှာ စစ်ရေယာဉ်ပေါ် နှိပ်စက်ခံခဲ့ရတဲ့သူတွေ အကြမ်းဖက်ပုဒ်မနဲ့ စွဲချက်တင်ခံရ စစ်ရေယာဉ်ပေါ်မှာ နှိပ်စက်ခံနေရတဲ့ ကျောက်ဆိပ် ရွာသားများကို တွေ့ရစဉ်
Photo: Citizen Journalist

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကနေ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ကျောက်ဆိပ်ကျေးရွာသားတွေကို ဇန်နဝါရီလ ၁၂ ရက်နေ့ ဒီကနေ့ စစ်တွေခရိုင် တရားရုံးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀ (ည)၊ ၅၂ (က) တို့နဲ့ စွဲချက်တင်ခံလိုက်ရတယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကိုပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက ကိုမောင်ဌေးဝင်း၊ ကိုညီညီအောင်၊ ကိုမျိုးလင်းဦး၊ ပုဏ္ဏားကျွန်း မြို့ပေါ် အလယ်စုရပ်ကွက်က ဦးမင်းစိုးနဲ့ မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာက ကိုကျော်ဝင်းဟိန်း တို့ စွဲချက်တင်ခံလိုက်ရတာပါ။

သူတို့ဟာ အကြမ်းဖက်အဖွဲ့ကို ပါဝင်ကူညီထောက်ပံ့တယ်၊ ဆက်နွယ်မှုရှိတယ်ဆိုပြီး တရားရုံးကနေ အခုလို စွဲချက်တင်လိုက်တာလို့ အမှုကို လိုက်ပါဆောက်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောပါတယ်။

ဒါကြောင့် သူတို့ဟာ အမှုကို ဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ အမှုကို ဆက်လက်စစ်ဆေးဖို့ ချိန်းဆိုလိုက်တယ်လို့လည်း ဆိုပါတယ်။

မိသားစုဝင်တွေကတော့ အခုလို စွဲချက်တင်ခံလိုက်တဲ့အပေါ်မှာ စိတ်မကောင်းဖြစ်နေကြရပြီး ဒါဟာ ဘယ်လိုမှ မဖြစ်သင့်ဘူးလို့ စွဲချက်တင်ခံလိုက်ရတဲ့ ကိုညီညီအောင်ရဲ့ မိခင် ဒေါ်နီနီက RFA ကို ပြောပါတယ်။

အဲဒီကျောက်ဆိပ်ကျေးရွာသားတွေဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဧပြီလကတည်းက ကျောက်ဆိပ်ကျေးရွာကနေ ဖမ်းဆီးခံခဲ့ရတာပါ။

သူတို့ကို စစ်ရေယာဉ်ပေါ်မှာ စစ်သားတွေက ဝိုင်းဝန်းနှိပ်စက်ခဲ့ပြီးနောက် ခလရ - ၅၅၀ တပ်ရင်းက ဗိုလ်ကြီး တင့်နိုင်ထွန်းက တရားလိုလုပ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ပုဒ်မ - ၅၀ (ည)၊ ၅၂ (က) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခကာလအတွင်း အေအေနဲ့ ဆက်စပ် တယ် ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရသူ တစ်ရာကျော် ကျန်ရှိနေသေးတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။