ကျောက်ဖြူမြို့နယ်မှာ လျှပ်စစ်မီးမပြတ်တောက်ရေး လက်မှတ်ရေးထိုးတောင်းဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ လျှပ်စစ်မီးပြတ်တောက်တဲ့အခါ ကျောက်ဖြူ လျှပ်စစ်ဓာတ်အားပေး စက်ရုံကနေ အစားထိုးဖြန့်ဝေပေး ဖို့ ကျောက်ဖြူမြို့ခံတွေ၊ ရပ်မိရပ်ဖတွေနဲ့ မြို့နယ်စည်ပင် သာယာရေး ကော်မတီ တာဝန်ရှိသူတွေက ဒီနေ့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့က ကျောက်ဖြူမြို့ သာသနာ့ဗိမာန်မှာပြုလုပ်တဲ့ လျှပ်စစ်မီးမပြတ်တောက်ရေး ဒေသခံတွေ ၃ဝဝ ကျော် လက်မှတ်ရေးထိုးစဉ် Photo:Kyaw Htun Naing/RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ လျှပ်စစ်မီးပြတ်တောက်တဲ့အခါ ကျောက်ဖြူလျှပ်စစ်ဓာတ်အားပေး စက်ရုံကနေ အစားထိုးဖြန့်ဝေပေးဖို့ ကျောက်ဖြူမြို့ခံတွေ၊ ရပ်မိရပ်ဖတွေနဲ့ မြို့နယ်စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိ သူတွေက ဒီနေ့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ကျောက်ဖြူမြို့မှာ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရှိနေပြီး ကျောက်ဖြူမှာ မကြာခဏ လျှပ်စစ်မီးပျက်တာဟာ မဖြစ်သင့်တာကြောင့် အစားထိုးဖြန့်ဝေပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ကြောင်း ကျောက်ဖြူ မြို့နယ် အထောက်အကူပြုကော်မတီဝင် ကိုလှမျိုးကျော်က ပြောပါတယ်။

"ကိုယ့်ဒေသမှာ လျှပ်စစ်ဓာတ်အားထွက်တယ်၊ မဟာဓာတ်အားလိုင်းကပြတ်နေရင် ကျောက်ဖြူ မြို့သူမြို့သားတွေ မီးမရတော့ဘူး၊ ကျနော်တို့က ဒီအစားထိုးမီး ရချင်ကြတယ်၊ အဲ့ဒါကြောင့် လူ ၃ဝဝ ကျော်လောက် အစည်းအဝေးခေါ်ပြီးတော့ လက်မှတ်ထိုးပြီးတော့ တောင်းဆိုရတာဖြစ်ပါတယ်"

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ထွက်ရှိတဲ့ဓာတ်ငွေ့နဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကို ကျောက်ဖြူမြို့နဲ့ ၅ မိုင်အကွာမှာ တည်ဆောက်ထားပါတယ်။

အဲ့ဒီကထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားကို ရခိုင်ရိုးမကနေ ဥသျှစ်ပင် မဟာဓာတ်အားခွဲရုံကို ပေးပို့ပြီး အဲ့ဒီကနေ မဟာဓာတ်အားလိုင်းကနေ တဆင့် ကျောက်ဖြူမြို့ကို လျှပ်စစ်မီး ပြန်လည်ဖြန့်ဝေတာ ဖြစ်ပါတယ်။

သဘာဝဘေးကြောင့် ရခိုင်ရိုးမပေါ်မှာ လျှပ်စစ်ဓာတ်အားတိုင်တွေ ပျက်စီးတဲ့အခါ ကျောက်ဖြူမြို့မှာ လျှပ်စစ်မီးပြတ်တောက်တာတွေ များတာကြောင့် ကျောက်ဖြူလျှပ်စစ်ဓာတ်အားပေးစက်ရုံကနေ အစားထိုး ဖြန့်ဝေပေးဖို့ ဒေသခံတွေက လက်မှတ်ရေးထိုးတောင်းဆိုနေတာဖြစ်ပါတယ်။

ကျောက်ဖြူမြို့ သာသနာ့ဗိမာန်မှာကျင်းပတဲ့ လက်မှတ်ရေးထိုးတောင်းဆိုပွဲကို ကျောက်ဖြူမြို့နယ် အထောက် အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖ ကိုယ်စားလှယ်တွေနဲ့ ကျောက်ဖြူ မြို့ ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။

ကျောက်ဖြူမြို့ဒေသခံတွေရဲ့ လက်မှတ်တွေနဲ့အတူ တောင်းဆိုချက်တွေကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရခိုင် ပြည်နယ် ဝန်ကြီးချုပ်နဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေကို လာမယ့်အပတ်ထဲ မှာ ပေးပို့သွားမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org