တရုတ်ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း တိုက်ခိုက်ခံရပြီး ဒေသခံတွေ ထိမှန်မှာ စိုးရိမ်နေ
2023.12.21

ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ တရုတ်နိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွယ်တန်းထားတဲ့ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်နေလို့ ပိုက်လိုင်းထိမှန်ပြီး ပြင်းထန်တဲ့ပေါက်ကွဲမှုတွေဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ် တိုက်ခိုက်တာတွေကြောင့် ပိုက်လိုင်းပေါက်ကွဲပြီး အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေတာပါ။
မြေအောက်တစ်မီတာသာမြှုပ်ထားတဲ့ ပိုက်လိုင်းရှိတဲ့နေရာတွေအနီးမှာ လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ အကြိမ်ကြိမ်ပစ်ခတ်နေတာကြောင့် ပိုက်လိုင်းထိမှန်သွားရင် ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေဖြစ်ပြီး အရပ်သားတွေ ထိခိုက်မှာကို ဒေသခံတွေ စိုးရိမ်နေကြတာလို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီရတဲ့အချိန်မှသာ တရုတ်အနေနဲ့ စီမံကိန်းကြီးတွေ လုပ်သင့်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ပြောပါတယ်။
"လက်ရှိ နမ့်ခမ်းရယ်၊ သီပေါရယ်၊ ကျောက်မဲရယ်၊ နောင်ချိုရယ်မှာ အရပ်သား ၂၇ ယောက်သေပြီး ၃၃ ယောက်ဒဏ်ရာရထားတယ်ပေါ့နော်၊ ဒါက ပိုက်လိုင်းတစ်လျှောက်မှာရှိတဲ့မြို့တွေမှာ တိုက်ပွဲဖြစ်တဲ့မြို့တွေ၊ အဓိက ကတော့ တရုတ်အနေနဲ့ ဒီလိုမျိုး တိုက်ပွဲကာလမှာ နယ်မြေက မတည်ငြိမ်သေးဘူး၊ ဖက်ဒရယ် ဒီမိုကရေစီအစစ်မရသေးတဲ့ကာလမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပိုက်လိုင်းတွေ၊ စီမံကိန်းတွေက သူတို့အတွက် ဘယ်လိုမှ လုံခြုံမှုမရှိဘူးပေါ့နော်၊ တရုတ်နိုင်ငံအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရမှ ဒီလိုမျိုးစီမံကိန်းကြီးတွေကို လုပ်ဖို့ အဓိကပြောချင်တယ်"
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတော့ အာဆီယံနိုင်ငံဆိုင်ရာ သံတမန်တွေနဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံရာမှာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု မြှင့်တင်ရေးလုပ်ငန်းတွေကို တရုတ်နိုင်ငံက ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာရှိနေတဲ့ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ကိုသာ တရုတ်နိုင်ငံက ပြီးခဲ့တဲ့လပိုင်းတွေမှာ တိုက်တွန်းပြောဆိုနေပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိမှန်ပေါက်ကွဲမှာကို ဒေသခံတွေ စိုးရိမ်နေကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
"၁၀၂၇ စစ်ဆင်ရေး" စတင်ပြီးနောက်ပိုင်း တရုတ်ဓာတ်ငွေ့ပိုက်လိုင်းရှိရာ မြို့တွေဖြစ်တဲ့ နမ့်ခမ်း၊ နောင်ချို၊ ကျောက်မဲနဲ့ သီပေါ စတဲ့မြို့တွေမှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် အရပ်သား ၂၇ ဦး သေဆုံးပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် ၁၆၀ ကျော် ပျက်စီးခဲ့တယ်လို့လည်း SHRF က ပြောထားပါတယ်။
တရုတ်ပိုက်လိုင်းရှိတဲ့ နောင်ချိုမြို့နယ်က ကျောက်ကြမ်းရွာကို အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့လည်း SHRF က ထောက်ပြထားပါတယ်။