လက်ပံတောင်းဒေသခံတွေ သဘောထား ထုတ်ဖော်တင်ပြပွဲ ကျင်းပ

လက်ပံတောင်းတောင် ဒေသခံ၂၆ ရွာက ဒေသခံတွေဟာ ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ လုပ်ငန်း အကောင်အထည်ဖော်မယ့်အဖွဲ့တွေကို ဖိတ်ကြားပြီး သူတို့ရဲ့ သဘောထားတွေကို ဒီကနေ့တင်ပြခဲ့ကြပါတယ်။

လက်ပံတောင်းတောင် ဒေသခံ၂၆ ရွာက ဒေသခံတွေဟာ ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ လုပ်ငန်း အကောင်အထည်ဖော်မယ့်အဖွဲ့တွေကို ဖိတ်ကြားပြီး သူတို့ရဲ့သဘောထားတွေကို ဒီကနေ့ တင်ပြခဲ့ ကြပါတယ်။

အခမ်းအနားကို ဝက်မှေး ရွာဟောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူ ၃ဝဝ လောက် တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားကို ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမူး အပါအဝင် လုံခြုံရေး ဆိုင်ရာ တာဝန်ရှိသူတွေကို ဖိတ်ကြားထားသလို ဆရာတော် သံဃာတော်များ၊ NLD ပါတီနဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ မန္တလေးတိုင်း အတွင်းရှိ လူမူရေးအဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာ ကျေးရွာအသီးသီးက  ကိုယ်စားလှယ်တွေက သူတို့အမြင်တွေကို အသီးသီး တင်ပြကြတယ်လို့ ဒေသခံတစ်ဦးဖြစ်သူ မသွဲ့သွဲ့ဝင်းက ခုလိုပြောပါတယ်။

ကျမတို့ ဒီစီမံကိန်းတွေကို ဆက်လုပ်မယ်ဆိုရင် ဒေသခံလူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကိုပဲ လိုလားတယ်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ကျမတို့မလိုလားဘူး၊ အဲဒါကြောင့်မို့ နိုင်ငံတကာခေတ်မီ စက်ကိရိယာတွေနဲ့ ဒီစီမံကိန်းကို ဆက်လုပ်မယ်ဆိုရင်တော့ ဒေသခံတွေ ၂၆ ရွာက ပြေပြေလည်လည် နဲ့ ဖြစ်သွားမယ်ဆိုရင်တော့ ကျမတို့ဘက်ကလက်ခံဖို့ရာ အဆင်သင့်ပဲ”

ဒေသခံတွေ တင်ပြချက်တွေအပေါ် အာဏာပိုင်တွေဘက်က တစုံတရာ တုံ့ပြန်ပြောဆိုတာမရှိဘူးလို့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ ဒီအတောအတွင်း ဒီကနေ့ ညနေ ၄နာရီခန့်က ဆည်တဲရွာ၊ တုံရွာနဲ့ ဇီးတောစတဲ့ ကျေးရွာတွေထဲကို လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ကား ၁၂ စီး ရုတ်တရက် ဝင်ရောက်လာပြီး ရွာတွေ အတွင်းလှည့်လည်တယ်လို့ ဒေသခံတစ်ဦးဖြစ်သူ တံရွာသား ကိုအောင်သန်းမြင့်က ခုလိုပြောပါတယ်။

အခုလောလောဆယ် အခြေအနေကတော့ သူတို့လမ်းကြောင်းကြည့်သွားတယ်လို့ ထင်ပါတယ်ခင်ဗျ၊ ကျနော်တို့ လူထုအင်အားများလို့လားမသိဘူး သူတို့ဘာမှတော့မလုပ်ဘူး၊ ၁၂ စီးတော့ဝင်တယ်၊ လည်ပင်းမှာရော၊ လက်မှာရော လက်ပတ်အနီတွေ စည်းထားတယ်”

ခုလိုလုံခြုံရေး တပ်ဖွဲ့တွေ ရုတ်တရက် ဝင်ရောက်လာတကြောင့် ရွာများမှာရှိတဲ့ ကင်းအဖွဲ့တွေက သံချောင်းတွေခေါက်ကြပြီး ရွာတွေအတွင်း ရုတ်ရုတ်သဲသဲတွေဖြစ်သွားတယ်လို့ သိရပါတယ်။

ဒီကနေ့ ဝက်မှေးရွာမှာပြုလုပ်တဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး ဒေသခံ မသွဲ့သွဲ့ဝင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။



2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org