လက်ပံတောင်း ကြေးနီစီမံကိန်းအနီး ထောင်ထားတဲ့ မိုင်း ၇၈ လုံးကို PDF ရှင်းလင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ စစ်ကောင်စီက ထောင်ထားတဲ့ မိုင်း ၇၈ လုံးကို ဩဂုတ်လ ၁၈ ရက် မနေ့က မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ မိုင်းအထူးအဖွဲ့ဖြစ်တဲ့ မြန်မာ ချီဂွေဗားရားအဖွဲ့က ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
နယ်မြေရှင်းလင်းရေးလုပ်နေရင်း လက်ပံတောင်းတောင်ကို မီးပေးတဲ့ ညောင်ပင်ကြီးရွာက လျှပ်စစ်တာဝါတိုင်တွေအနီးမှာ တွေ့ရှိခဲ့တာလို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ကိုခန့်က ပြောပါတယ်။
“အခုတွေ့တာက ၇၈ လုံး၊ နောက်ထပ်လည်း ရှိသေးတယ်။ ကာကွယ်ရေးအဖွဲ့တွေ ထိ ခိုက်အောင်လို့ ဆင်ထားခဲ့တာဖြစ်မယ်။ ဒါပေမဲ့ အဖွဲ့က တွေ့ခဲ့တော့ ရှင်းနိုင်ခဲ့တယ်။ ပြန်အသုံးပြုသွားမှာပါ၊ အခု မိုင်းတွေ့တဲ့ နေရာက ပြည်သူတွေရဲ့ လယ်မြေတွေလည်း ရှိတယ်။ လူနေအိမ်တွေနဲ့လည်းနီးတော့ ပြည်သူတွေ သွားတာ၊ လာတာ ဂရုစိုက်စေ ချင်တယ်”
တရုတ်အစိုးရနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်တဲ့ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းအနီးမှာ ရဲတပ်ရင်းလည်းရှိသလို စီမံကိန်းအတွင်းမှာ စစ်ကောင်စီ တပ်သားတွေလည်း တပ်စွဲထားတယ်လို့ ဆိုပါတယ်။
အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
တရုတ်အစိုးရနဲ့ ဝမ်ပေါင်ကုမ္ပဏီတို့အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားဖို့ ကြေးနီ စီမံကိန်းအနီးက ရွာတွေကို မီးရှို့၊ သတ်ဖြတ်နေတဲ့ စစ်သားတွေကို ကုမ္ပဏီထဲမှာ နေထိုင် ခွင့်မပြုဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အဖွဲ့ ၁၇ ဖွဲ့က တောင်းဆိုထားပါတယ်။