လောက်ကိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းသုံးဖွဲ့ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ လောက်ကိုင်မြို့အတွင်းပိုင်းမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ လ ၃ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် တုန်ရှမ်းဒေသရှိ စစ်ကောင်စီ၏ လောက်ရှုကုတ်တပ်စခန်းကို ကိုးကန့်တပ်မတော် MNDAA မှ သိမ်းပိုက်ခဲ့စဉ်။ The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ လောက်ကိုင်မြို့အတွင်းပိုင်းမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

တုံချိန်ရပ်ကွက်ဘက်ကနေ ပစ်ခတ်သံတွေကို နေ့တိုင်းကြားနေရပြီး မြို့တွင်းမှာ ကျန်နေသူတွေလည်း အပြင်မထွက်ရဲကြတော့ဘူးလို့ အဲဒီမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ပစ်နေခတ်နေတာ နေ့တိုင်းပဲ၊ ဆက်တိုက်ပဲ။ ဒီမှာက လူမရှိသလောက် ဖြစ်သွားပြီ။ ကျန်နေတဲ့လူတွေကိုလည်း ကယ်ဆယ်ရေးလုပ်မယ်ဆိုလို့ အသင့်ပြင်ထားနေရတယ်"

မြို့အတွင်းပိုင်းကို လက်နက်ကြီးကျည်ကျတာတွေရှိပေမယ့် လက်ရှိတိုက်ပွဲကြောင့် ထိခိုက်သေဆုံး၊ ပျက်စီးမှု အခြေအနေ တိတိကျကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ ဒီဇင်ဘာ ၃ ရက်ကစပြီး လောက်ကိုင်မြို့နယ် တုံချိန်ရပ်ကွက်အပြင်ဘက် လေးမျက်နှာစေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကိုးကန့်တပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဘက်က အခိုင်အမာ ခုခံခဲ့တာကြောင့် ညပိုင်းမှာ တိုက်ပွဲခေတ္တရပ်နားခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၈ နာရီအချိန်စ ထပ်မံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ပြင်းထန်တယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ်ဖွဲ့အနေနဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ လောက်ကိုင်မြို့အတွက် စစ်ရေးအရ အရေးပါတဲ့ ကုန်းကြမ်းမြို့နယ်ကို သိမ်းပိုက်ခဲ့ပြီး လောက်ကိုင်မြို့ကို ဆက်လက် သိမ်းပိုက်မယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲမစမီကတည်းက လောက်ကိုင်မှာရှိနေတဲ့ အရပ်သား သုံးသောင်းကျော်ကို ဘေးလွတ်ရာပို့ဆောင်ပေးခဲ့တယ်လို့လည်း MNDAA က ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လောက်ကိုင်မြို့ပတ်ဝန်းကျင်းမှာ MNDAA တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်နေပြီး MNDAA ဘက်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်မှု ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဒီဇင်ဘာ ၃ ရက်နေ့က ပြောဆိုထားပါတယ်။

ဒီဇင်ဘာ ၅ ရက် ဒီနေ့မှာ ရှမ်းမြောက်ဒေသ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အတွင်းမှာလည်း တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တစ်လကျော်ကာလအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ ကွမ်းလုံ၊ ကုန်းကြမ်းမြို့တွေကို မြောက်ပိုင်းညီနောင် သုံးဖွဲ့က အပြည့်အ၀ ထိန်းချုပ်ထားပါတယ်။

သိန္နီနဲ့ နမ့်ခမ်းမြို့ပေါ်နေရာအချို့ကိုလည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထိန်းချုပ်ထားပြီး အဲဒီမြို့တွေမှာ ကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org