လေးကေ့ကော် ဒုက္ခသည်တွေအတွက် ရေရှည်အကူအညီ လိုအပ်

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2022.01.12
လေးကေ့ကော် ဒုက္ခသည်တွေအတွက် ရေရှည်အကူအညီ လိုအပ် ကရင်ပြည်နယ် ‌လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် ကရင်လက်နက်ကိုင်တပ်အကြား တိုက်ပွဲကြောင့် ထွက်ပြေးလာသူများကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မယ်တော်ကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: Ye Min/Facebook

ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံတပ်တွေ၊ PDF တွေ တိုက်ပွဲအကြီး အကျယ်ဖြစ်ခဲ့တာကြောင့် လေးကေ့ကော် မြို့သစ်တဝိုက် က စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတာ တစ်လလောက် ရှိနေပါပြီ။

ဒီဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တစ်လျှောက်နဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ ခိုလှုံနေကြတာပါ။ အချိန် တစ်လလောက်ကြာနေပြီဖြစ်ပေမဲ့ လေးကေ့ကော်မြို့သစ်နဲ့ အနီးတဝိုက်မှာ တိုက်ပွဲတွေ ဆက်ရှိနေဆဲဖြစ်သလို စစ်တပ်က လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေတာကြောင့် ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးဘဲ အခက်တွေ့နေပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဒုက္ခသည်တွေ လုံခြုံရေးအာမခံချက် မရှိတာကြောင့် နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

“တိုက်ပွဲက တစ်ရက်ခြား၊ တခါတလေကျရင်လည်း ဆက်တိုက် အဲ့လိုမျိုး ပုံမှန်မရှိဘူး။ တိုက်ပွဲက ရှိနေတဲ့ အချိန်မှာ သူတို့က ပြန်မယ်ပြင်လိုက်၊ တချို့ဆို ပြန်ကြတယ်၊ ဒါပေမယ့် (တိုက်ပွဲ)ဖြစ်လိုက် ပြန်ပြေးလာလိုက်။ သူတို့ ပြေးနေရတာပေါ့နော် တစ်နေရာတည်းမှာ stable မဖြစ်ဘူး။ သောင်ရင်း မြစ်ကြော တလျှောက်က ဝါးခြုံတွေအောက်မှာ တာလပတ်ထိုးပြီး နေရတာ အများကြီးပဲ။ အခြေအနေကတော့ သူတို့ပြန်လို့တော့ အဆင်မပြေသေးဘူး။ ဘာအာမခံချက်မှ မရှိဘူး။”

လေးကေ့ကော်မြို့သစ် ရပ်ကွက်(၁) ကနေ ထွက်ပြေးပြီး သောင်ရင်းမြစ်ကမ်းဘေးမှာ စစ်ဘေးရှောင်နေရတဲ့ လူငယ်တစ်ဦးကလည်း နေရပ်ပြန်ဖို့ မမျှော်လင့်ရဲသေးပါဘူး။

“နေရပ်ပြန်ဖို့ကတော့ မမျှော်လင့်နိုင်သေးဘူး။ ဘာလို့လဲဆိုတော့ ဒီတိုက်ပွဲက ဘယ်အချိန်မှ ပြီးမယ်မသိဘူး။ တကယ်လို့ တိုက်ပွဲတွေပြီးတာတောင်မှ ကျွန်တော်တို့က ချက်ချင်းပြန်လို့ မရနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ သူတို့(စစ်ကောင်စီ)က မိုင်းတွေ ထောင်ခဲ့ဦးမှာ၊ မိုင်းရှင်းလင်းရေးတွေ ပြန်လုပ်ရဦးမှာ၊ ကျွန်တော်တို့ ထင်တာ နောက်ထပ်အနည်းဆုံး လေးငါးခြောက်လလောက် ကြာဦးမယ်ထင်တယ်”

ဒီဇင်ဘာ ၁၄ ရက်နေ့က လေးကေ့ကော်မြို့သစ်မှာ ခိုလှုံနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်တစ်ချို့အပါအဝင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားတဲ့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ရာကနေ KNU လက်အောက်ခံတပ်တွေ၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ ဒီတိုက်ပွဲတွေအတွင်းမှာ စစ်တပ်က လက်နက်ကြီးတွေ အသုံးပြုခဲ့သလို လေယာဉ်နဲ့ပါ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

လေးကေ့ကော်မြို့သစ်နဲ့ မယ်ထော်သလေး၊ ဖလူးကြီး၊ ဖလူးလေး၊ ထီးမယ်ဝါးခီး၊ ပဟိကလော် စတဲ့ ရွာတွေဟာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံခဲ့ရတာပါ။

စစ်ရှောင်တွေက နေရပ်ပြန်ချင်ကြပေမယ့်လည်း ပြန်လည်ရပ်တည်နေထိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ့် အရေးကို ပူပန်နေကြပါတယ်။တိုက်ပွဲတွေအတွင်း နေအိမ် ပျက်စီးသွားသူတွေ၊ စိုက်ခင်းတွေ ပျက်စီးတာ၊ စီးပွားရေးလုပ်ငန်းတွေ ပြိုပျက် ကုန်တာ စတဲ့ ဆုံးရှုံးမှုတွေအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူမရှိတော့တဲ့ အိမ်အလွတ်တွေထဲက ပစ္စည်းတွေကို ယူဆောင်သွားတာတွေကြောင့် နေရပ်ပြန်ရမယ်ဆိုရင်တောင် ပြန်လည်ထူထောင်ဖို့ ခက်ခဲနေဦးမယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။

laykaykaw-2.jpg
လေးကေ့ကော် စစ်ေဘးဒုက္ခသည်များကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မယ်တော်ကျေးရွာတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: CJ)

ထိုင်းနိုင်ငံဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ လေးကေ့ကော်မြို့ခံ အမျိုးသမီးတစ်ဦးက သူ့ရဲ့စိုးရိမ်ချက်ကို အခုလို ပြောပါတယ်။

“စိတ်ထဲမှာ ကိုယ့်မြို့ကိုတောင် ပြန်လို့ရပါ့မလားလို့ အောက်မေ့တယ်။ တော်တော်လေး ကြာဦးမလားမသိဘူး။ အဲဒီမှာပြန်နေဖို့ စီးပွားရေးပြန်လုပ်ဖို့က၊ အရပ်ထဲက လူတွေက ဘာမှမရှိတဲ့လူတွေရော အိမ်ပြာကျသွားတဲ့ လူတွေရောဆိုတော့ တစ်နှစ်လောက်အတွင်းတောင်မှ မပြန်ဖြစ်နိုင်လောက်ဘူး ထင်တယ်။”

တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးကြတဲ့အခါ လူမရှိတော့တဲ့ အိမ်တွေထဲက ပစ္စည်းဥစ္စာတွေနဲ့ တိရိစ္ဆာန်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ယူဆောင်သွားကြတယ်လို့ သူ့အိမ်က ကားတွေနဲ့ အသုံး အဆောင်ပစ္စည်းတွေ ယူသွားခံရတဲ့ ထိုင်းနိုင်ငံရောက် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ပြည်သူတွေတအားဒုက္ခရောက်တာ။ သူတို့ကြောင့်ပဲ၊ အရင်က KNU တွေရှိတုန်းက ကျမအိမ်မှာ ဇွန်းတစ်ချောင်းတောင် မပျောက်ဘူး။ အခုတော့ တစ်ရွာလုံးပဲ။ ရွာမှာ (စစ်တပ်က) အကုန်သယ်တာ။ ကားတွေ အကုန်မောင်းသွားတာ။ ဆိုင်ကယ်တွေ မောင်းထုတ်သွားတာ။ သူတို့က အကုန်လုံး သယ်တော့တာပဲ ကားလေးငါးခြောက်စီးနဲ့ အိမ်ပေါ်က ပစ္စည်းတွေအကုန်လုံး”

KNU ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီဘက်က တပ်အင်အား တိုးချဲ့နေတဲ့အပြင် ပြည်သူလူထုရဲ့ ပစ္စည်းဥစ္စာတွေကို အတင်းအဓမ္မသိမ်းယူတာတွေ ရှိတယ်လို့ KNU ကလည်း ဇန်နဝါရီ ၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒါဟာ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ ငြင်းဆိုပြီး တကယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ကျူးလွန်သူတွေရှိရင် အပြစ်ပေးအရေးယူသွားမယ်လို့ RFA ကို ပြောပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မဲကုတ်ကင်းရွာက နွားခြံတစ်ခုမှာ ယာယီစခန်းဖွင့်လှစ်ထားပြီး အဲဒီမှာတော့ လက်ရှိ စစ်ရှောင် ၃ဝဝဝ ဝန်းကျင် ခိုလှုံနေပါတယ်။ အဲဒီနေရာမှာ မနေဘဲ စခန်းပြင်ပမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် နယ်စပ်က ရွာလေးတွေမှာ ထိုင်းနိုင်ငံသားတွေ အကူအညီနဲ့ နေထိုင်နေကြသူတွေလည်း ရှိပါတယ်။ စစ်ရှောင် ယာယီစခန်းပြင်ပမှာ နေထိုင်သူ အရေအတွက်ကိုတော့ အကူအညီပေးနေသူတွေ စာရင်းကောက်ယူဖို့ ခက်ခဲ နေတဲ့အတွက် အတိအကျမသိရပါဘူး။

လက်ရှိ ထိုင်းဘက်ခြမ်းက စစ်ရှောင်တွေဟာ ထိုင်းရောက် မြန်မာတွေနဲ့ ထိုင်းနိုင်ငံသား အလှူရှင်အချို့ရဲ့ အကူအညီနဲ့ စားဝတ်နေရေး ဖြေရှင်းနေကြပေမယ့် ရေရှည်အတွက် နိုင်ငံတကာအကူအညီတွေ လိုအပ်တယ်လို့ သူတို့ကို အကူအညီပေးနေတဲ့ AAC အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

“ရေရှည်ဆက်လက်ရပ်တည်ဖို့က အလှူရှင်တွေအားနဲ့ပဲပေါ့။ ဒီအလှူရှင်တွေကလည်း အမြဲတမ်းမရှိဘူးလေ။ နိုင်ငံတကာရဲ့ထောက်ပံ့မှုတွေရရင် ပိုကောင်းတာပေါ့။ ဒီသာမန်အလှူရှင်တွေအားနဲ့ ရေရှည်ရပ်တည်မယ် ဆိုရင် တော့ သိပ်တော့အခြေအနေ မကောင်းဘူးပေါ့”

သောင်ရင်းမြစ်ဘေးတလျှောက်မှာ ရွက်ဖျင်တဲတွေထိုးပြီး နေရသူကတော့ တစ်သောင်းကျော် ရှိနေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒီစစ်ဘေးဒုက္ခသည်တွေထဲမှာ ရက်သားကလေးငယ်တွေကနေ ကျန်းမာရေးချို့တဲ့နေတဲ့ သက်ကြီးရွယ်အိုတွေ၊ ဘီးတပ်ကုလားထိုင်နဲ့မှ သွားလာရတဲ့ သက်ကြီးရွယ်အိုတွေအထိ ပါဝင်ပါတယ်။

သောင်ရင်းမြစ်ဘေးက စစ်ရှောင်တွေက လက်ရှိရာသီဥတုအခြေအနေအရ အအေးဒဏ်ကို အတော်လေးခံစား နေကြရတဲ့အတွက် အမိုးအကာတွေ အနွေးထည်တွေနဲ့ အိပ်ယာခင်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောကြပါတယ်။

"ရေရှည်မှာ စစ်ဘေးရှောင်တွေကို ပံ့ပိုးနိုင်ဖို့ ကူညီနိုင်ဖို့ ဆိုရင် ထိုင်းအစိုးရကလည်း ဒါကို လက်ခံရမယ်။ နယ်စပ်ဖြတ်ကျော်ရေး အကူအညီကို ဖွင့်ပေးဖို့ လိုတယ်"

လေးကေ့ကော်က စစ်ရှောင်တွေအပါအဝင် တခြားအရပ်ဒေသတွေက စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ အလေးထားဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

စစ်ကောင်စီဘက်က အဲဒီလို ပြောပေမဲ့ မယ်ထော်သလေးရွာက ရွာခံအမျိုးသားကြီးတစ်ဦး အိမ်ကို ခဏပြန်ကြည့်စဉ်မှာ စစ်ကောင်စီတပ်သားတွေက ထိုင်းဘက်ခြမ်းကို ပြန်သွားခိုင်းတယ်လို့ အဲဒီအမျိုးသားကြီးရဲ့ ဇနီး ဖြစ်သူက ပြောပါတယ်။

“ဦးလေးက မီးထိုင်မွှေးတဲ့အချိန်မှာ ခေါင်းကို သေနတ်နဲ့ချိန်ပြီး ဘယ်ကလာသလဲ သွားတဲ့ ဘယ်သူပြန်လာခိုင်းသလဲပေ့ါ။ အမှန်ကတော့ တိုက်ပွဲတွေ ဖြစ်ပြီး တစ်ရက် နှစ်ရက်အပြီးလောက်မှာ (စစ်ကောင်စီ ခန့်ထားတဲ့) မယ်ထော်သလေး ရပ်ကွက်အုပ်ချုပ်ရေးမှူးက ချောင်းဘေးကနေ မိုက်နဲ့ လိုက်အော်တာ။ ရွာကို ပြန်လာလို့ရပြီ။ အေးဆေး နေလို့ရပြီ၊ ပြည်သူတွေအားလုံး သူတို့လုံးဝတာဝန်ယူပါတယ်။ ဘာညာနဲ့ပြောတာလေ၊ အဲဒီနောက်ပိုင်း နှစ်ရက်လောက်မှ ပြန်တာတောင် ဒီလိုအခြေအနေမျိုးဖြစ်တာ၊ သူတို့က ဘာလို့ပြန် ပြန်လို့ ပြောတာလဲကို စဉ်းစားလို့ကို မရဘူး။ နေရပ်ပြန်ဖို့ အခုနေ ခေါ်လည်း မပြန်ရဲဘူး။ ဟိုဘက်ကမ်းပြန်ရင် ဘာနဲ့ပြန်လုပ်စားကြမလဲ ဘာမှမရှိတော့ဘူးလေ”

စစ်ရှောင်တွေ ကိုယ်တိုင်က နေရပ်မပြန်ရဲကြသေးသလို ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း တိုက်ပွဲတွေ ရှိနေသေးတဲ့အတွက် လုံခြုံမှု မရှိသေးတာကြောင့် ဒုက္ခသည်တွေ နေရပ် မပြန်သင့်သေးဘူးလို့ ပြောကြပါတယ်။ ကရင်ပြည်နယ်ထဲမှာ လေးကေ့ကော်အပြင် ကော့ကရိတ် မြို့နယ်ထဲမှာလည်း လတ်တလော တိုက်ပွဲတွေ ရှိနေသေးသလို ဆက်ပြီး စစ်ရေးအရှိန်မြင့်တက်လာဖို့ပဲ ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တွဲဖက်အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုမန်းမန်းက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ပြည်သူလူထုကို ခုတုံးလုပ်ပြီး အသုံးချတာတွေ ရှိတာကြောင့် လုံခြုံမှုမရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU တွဲဖက်အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းမန်းက ပြောပါတယ်။

“ဒီအခြေအနေမှာ ပြည်သူလူထုအတွက် ပြန်လည်ရပ်တည်ခိုလှုံနေထိုင်တာထက် စစ်ကောင်စီက ဒီလူထုကို အသုံးချပြီး လူသားဒိုင်းသဖွယ် အသုံးချနိုင်တဲ့ အခြေအနေအထိ ဖြစ်နိုင်တာကြောင့် ပြည်သူလူထုအတွက် လုံးဝလုံခြုံမှုမရှိတဲ့အပြင် တကယ့်လက်တွေ့ကျတဲ့ အခြေအနေ မဟုတ်ဘူးလို့ ပြောချင်တယ်။ ပြည်သူအားလုံး လုံလုံခြုံခြုံနဲ့ နေရပ်ပြန်နိုင်ဖို့ဆိုတာ စစ်အာဏာရှင်တွေ မရှိတော့မှ လုံခြုံမှု အာမခံချက်ရှိမှာ ဖြစ်ပါတယ်”

laykaykaw-6.jpeg
ကရင်ပြည်နယ် လေးကေ့ကော်တိုက်ပွဲကြောင့် ထွက်ပြေးနေရသူတွေကို ၂၀၂၁၊ ဒီဇင်ဘာ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: MPA)

လတ်တလော စစ်ရေးအခြေအနေအရ နေရပ်ပြန်ရေး မျှော်လင့်ချက် ဝေးနေဦးမယ့် ဒီဒုက္ခသည်တွေအတွက် ရေရှည်အထောက်အပံ့တွေ လိုအပ်နေပြီလို့ စစ်ဘေးဒုက္ခသည်တွေနဲ့ သူတို့ကို အကူအညီပေးနေသူတွေက ပြောပါတယ်။

“အခုက ကျမတို့ ပေးနေတာက emergency support ပေါ့နော်။ ချက်ချင်းလက်ငင်း သူတို့လိုအပ်တာကို ပို့ပေးတာ။ ဒါပေမယ့် တိုက်ပွဲက တစ်ပတ်နဲ့လည်း မပြီးဘူး။ နှစ်ပတ်နဲ့လည်း မပြီးဘူး။ အခုထိ တိုက်ပွဲက ပြောက်ကျားစစ်တွေလည်း ဖြစ်တယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ အမြဲတမ်း လုပ်နေတယ်။ အဲဒီတော့ တစ်ပတ်နှစ်ပတ်နဲ့ ကူညီရမယ့်ဟာ မဟုတ်တော့ဘူး။ ဥပမာ - ၃လစာ ၆ လစာ ကူညီရမယ့် အခြေအနေ ရောက်နေပြီ။ ဒီအချိန်မှာ အကူအညီကြီးကြီးတွေ ဝင်နိုင်ဖို့၊ သူတို့ကတော့ ဝင်ချင်ပါတယ် ဝင်နိုင်ဖို့ လမ်းကြောင်း လိုလာပြီ။ နယ်စပ် ဖြတ်ကျော်ရေး အကူအညီကို ထိုင်းက တရားဝင် ခွင့်ပြုထားတာ မဟုတ်ဘူး။ နယ်စပ်မှာရှိတဲ့ ဒေသခံအဖွဲ့ အစည်းတွေက ဦးဆောင်ပြီး လုပ်နေရတယ်။ ရေရှည်မှာ စစ်ဘေးရှောင်တွေကို ပံ့ပိုးနိုင်ဖို့ ကူညီနိုင်ဖို့ ဆိုရင် ထိုင်းအစိုးရကလည်း ဒါကို လက်ခံရမယ်။ နယ်စပ်ဖြတ်ကျော်ရေး အကူအညီကို ဖွင့်ပေးဖို့ လိုတယ်။ ထိုင်းအစိုးရဘက်က လုပ်လာနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရော ဆုံးဖြတ်ချက် ချနိုင်တဲ့လူတွေရော တခြားအကူအညီပေးနိုင်မယ့် အဖွဲ့အစည်းတွေ တွန်းအားပေးဖို့ လိုတယ်။ ရေရှည်မှာ ဒေသခံ အဖွဲ့အစည်းတွေအားနဲ့ မလုံလောက်တော့ဘူး”

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ပြောသွားတာပါ။

သောင်ရင်းမြစ်ကမ်းဘေးက ဒုက္ခသည်တွေကလည်း စစ်ရှောင်ကာလကြာရှည်လာတာနဲ့ အမျှ ရင်ဆိုင်ရမယ့် အခက်အခဲတွေ များစွာ ရှိနေတာကြောင့် စိုးရိမ်နေကြပါတယ်။ အခုချိန်မှာ တောင့်ခံနိုင်ကြပေမယ့် မိုးရာသီကာလအထိ နေရပ်မပြန်နိုင်သေးရင် သောင်ရင်းမြစ်ဘေးမှာ ဆက်နေဖို့ မဖြစ်နိုင်ဘူးလို့ စစ်ရှောင်လူငယ်တစ်ဦး က ပြောပါတယ်။

“အခုချိန်က နွေရာသီ ဆောင်းရာသီက အဆင်ပြေတယ်။ တကယ်လို့ မိုးရာသီအထိ ကူးသွားမယ်ဆိုရင် သောင်ရင်းမြစ်ဘေးမှာ လုံးဝအဆင်မပြေဘူး။ ရေက မိုးရာသီဆို တအားဆင်းတာလေ။ ချောင်းအပြည့်ပဲဆိုတော့ အခု ကျွန်တော်တို့နေတဲ့နေရာက တကယ်အဆင်မပြေတော့ဘူးဗျ။ မိုးရာသီအထိ ဆက်ကူးသွားမယ်ဆိုရင် လိုအပ်ချက်တွေ အများကြီးပဲဗျ”

ထိုင်းရောက် ဒုက္ခသည်တွေအပြင် သောင်ရင်းမြစ်ဘေးက ဒုက္ခသည်တွေကိုပါ ထိုင်းအာဏာပိုင်တွေအနေနဲ့ အလွယ်တကူ ဝင်ရောက်ခွင့်ပေးပြီး ရေရှည် ခိုလှုံခွင့်ပေးဖို့နဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အချိန်နဲ့တပြေးညီရအောင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီပေးဖို့ KNU၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဒုက္ခသည်အရေးကူညီနေသူတွေက တောင်းဆိုနေကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား ပြင်းထန်လာတဲ့ တိုက်ပွဲတွေ ကြောင့် နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပကို နေရပ်စွန့်ခွာ ထွက်ပြေးတာတွေ တိုးလာနေတယ်လို့ UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး က ဇန်နဝါရီ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

ထိုင်းအစိုးရ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ လူဦးရေ ၄၇၀၀ ကျော်ဟာ ထိုင်းနိုင်ငံအတွင်းက ယာယီစခန်းတွေမှာ နေထိုင်နေကြတယ်လို့ UNOCHA က ဒီနေ့ ကြေညာချက်မှာ ကိုးကားဖော်ပြထားပါတယ်။

ဇန်နဝါရီ ၃ရက်နေ့အထိ UNOCHA က ကောက်ယူထားတဲ့ စာရင်းတွေအရ ကရင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၇၄၂ဝဝ ရှိပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တတိယအများဆုံး ပြည်နယ် ဖြစ်ပါတယ်။ ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းက ဒုက္ခသည်တွေဆီကို အကူအညီတွေ ရောက်နိုင်ဖို့ လုံခြုံရေးအခြေအနေ၊ စစ်ဆေးရေးဂိတ်နဲ့ သွားလာခွင့်ပြုမိန့်ရရှိမှု အခက်အခဲတွေ ကြုံနေရတယ်လို့လည်း UNOCHA က ဆိုပါတယ်။ ဒီဒုက္ခသည်တွေ အတွက် လုံလောက်တဲ့ ဆေးဝါး၊ အစားအစာနဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။