ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျိမ်းကို ထောင်ငါးနှစ် ထပ်ချ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဗဟိုကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကို ဗိုလ်တထောင်ခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၂(ခ)နဲ့ ထောင်ဒဏ် ငါးနှစ်ကျခံဖို့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ထပ်မံအမိန့်ချခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းအား တွေ့ရစဉ်။ အသံ - Athan

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဗဟိုကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကို ဗိုလ်တထောင်ခရိုင်တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၂(ခ)နဲ့ ထောင်ဒဏ် ငါးနှစ်ကျခံဖို့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ထပ်မံအမိန့်ချခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ အင်းစိန်ထောင်တွင်းအထူးတရားရုံးကနေ ၅၀၅ (က)နဲ့ ထောင်သုံးနှစ် ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် စုစုပေါင်း ထောင်ရှစ်နှစ်အထိ ကျခံရမှာ ဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"စဖမ်းတုန်းကတော့ ဆန္ဒပြပွဲတွေမှာ ဦးဆောင်တယ်ဆိုပြီး ၅၀၅ (က)နဲ့ ထောင်သုံးနှစ် ချတာ။ သူ့သူငယ်ချင်း ပိုက်ဆံချေးလို့ ပေးလိုက်တာ။ ပေးလိုက်တဲ့သူက PDF ဖြစ်နေတယ်ဆိုတော့ အကြမ်းဖက်နဲ့စွဲဖို့ကို ၅၀(ည) နဲ့ အရင်တည်တာ။ အကောင်းဆုံး ကြိုးစားကြတော့ နောက်ဆုံး ၅၂(ခ)ပြောင်းပြီး ငါးနှစ်ထပ်ချလိုက်တာ။ နောက်အမှုတွေ တော့ မရှိတော့ဘူး"

ကိုလင်းထက်နိုင်ရဲ့ ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်ကတော့ သူ့ရဲ့အမျိုးသားဟာ အမှုဆင် ထောင်ချခံရတာလို့ ဝေဖန်ပါတယ်။

ဒီမိုကရေစီရေးကာကွယ်လှုပ်ရှားတဲ့တက်ကြွလှုပ်ရှားသူတစ်ဦးကို နိုင်ငံရေးဖိနှိပ်တဲ့ပုဒ်မနဲ့ ဖမ်းတဲ့အပြင် အကြမ်းဖက်ပုဒ်မနဲ့ မတရားဖမ်းဆီးအမှုဆင် ထောင်ချခြင်းဖြစ်တယ်လို့ မဖြိုးဖြိုးအောင်က RFA ကိုပြောပါတယ်။

ကိုလင်းထက်နိုင်ဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်က ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာရှိနေတုန်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အင်းစိန် ထောင်တွင်းတရားရုံးမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်က တရားစွဲဆိုခဲ့တာပါ။

ကိုလင်းထက်နိုင် ဖမ်းဆီးခံထားရချိန် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်က အင်းစိန် အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ ဗုံးပေါက်ကွဲမှုကြောင့် ကိုလင်းထက်နိုင်ရဲ့ မိခင် ဒေါ်ကြီးမြင့် အပါအဝင် ရှစ်ဦး သေဆုံးခဲ့ပါတယ်။

ကိုလင်းထက်နိုင်ဟာ သူ့ရဲ့ နိုင်ငံရေးခံယူချက်ကြောင့် လေးကြိမ်အထိ ဖမ်းဆီးထောင်ချ ခံခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ အထိ ပထမအကြိမ်၊ ၂၀၁၅ ကနေ ၂၀၁၆ အထိ ဒုတိယကြိမ်၊ ၂၀၂၀ ကနေ ၂၀၂၁ အထိ တတိယအကြိမ်နဲ့ ၂၀၂၂ ခုနှစ် ဇွန်လမှာ စတုတ္တအကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရတာပါ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ၁၅,၁၇၇ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၃၇၁၃ ဦးက ထောင်ဒဏ်အသီးသီးချမှတ်ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org