လယ်ယာမြေ လျော်ကြေးပေးဖို့ တောင်းဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တုစီမံကိန်းအတွက် သိမ်းယူထားတဲ့ လယ်ယာမြေဧက ၂ ထောင်ကျော်အတွက် လျော်ကြေးပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တေ့ွဆုံစဉ် ဒေသခံတောင်သူတွေက တောင်းဆိုလိုက်ပါတယ်။
-
2017-11-11 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တုစီမံကိန်းအတွက် သိမ်းယူထားတဲ့ လယ်ယာမြေဧက ၂ ထောင်ကျော်အတွက် လျော်ကြေးပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တေ့ွဆုံစဉ် ဒေသခံတောင်သူတွေက တောင်းဆိုလိုက်ပါတယ်။
အစိုးရအဖွဲ့က မနေ့က တွေ့ဆုံရာမှာ ပြည်ထောင်စုအစိုးရထံ တင်ပြပေးဖို့ တောင်းဆိုလိုက်တာဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာသား ကိုတင့်အောင်စိုးက ပြောပါတယ်။
"အစိုးရအနေနဲ့ကတော့ ကုမ္ပဏီနဲ့ တောင်သူနဲ့ကြားမှာ ခေါ်ပြီးတော့ ၂ ဖက်အသံနားထောင်ပြီးတော့ ညှိနှိုင်းတာပေါ့ဗျာ၊ ၂ ဖက်ပြေလည်မှု မရရှိရင်တော့ ပြည်ထောင်စုကို တင်မယ်လို့တော့ သူတို့က ပြောတာပေါ့၊ ကျနော်တို့ကလည်း ပြည်ထောင်စုတင်မယ်ဆိုရင် အချက် ၃ ချက် ပြောတာဗျ၊ တောင်သူ ၇ ဦး နေရာချန် ထားပြီးတော့ ပြေလည်တဲ့အတွင်းထဲက မြေယာပြဿနာတွေ အရင်ဆုံးအမြန်ဆုံး ဖြေရှင်းပေးဖို့ ဆိုတာ၊ ဒုတိယ တစ်ချက်ကတော့ တိုင်းအစိုးရအနေနဲ့ လက်ရှိတောင်သူတွေက ဒီကွင်းထဲမှာလုပ်စားနေတာ မှန်ကန်ပါတယ်၊ ကုမ္ပဏီအနေနဲ့ စွန့်လွှတ်သင့်ပါတယ်ဆိုတဲ့ သဘောထားမှတ်ချက်တစ်ချက် ထည့်ပေးဖို့ ရယ်၊ နောက်ဆုံးတစ်ချက်က စီမံကိန်းကို ရပ်ထားပြီးမှ ဒီတောင်သူတွေကို အရင်ဆုံးဖြေရှင်းပြီးမှ ဆက်သွားဖို့ တင်ပေးပါဆိုပြီး ကျနော်တို့က အစိုးရကို တောင်းဆိုခဲ့တယ်ဗျ"
အစိုးရ၊ ဒေသခံတောင်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ ၃ ပွင့်ဆိုင်ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ မနေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရထံ တစ်လအတွင်း တင်ပြသွားမှာဖြစ် တယ်လို့ တိုင်းအစိုးရက ကတိပေးကြောင်း ကိုတင့်အောင်စိုးက ပြောပါတယ်။
စီမံကိန်းအတွက် သိမ်းယူထားတဲ့မြေတွေထဲမှာ မြေ ၁၅ ဧကလောက်ကို လုပ်ကိုင်နေတဲ့ တောင်သူ ၇ ဦးက မြေကိုမစွန့်လွှတ်နိုင်ကြောင်း၊ လျော်ကြေးလည်း လက်ခံမှာမဟုတ်ကြောင်း ပြောကြားထားတာဖြစ်ပါတယ်။ ကျန်တဲ့ မြေပိုင်ရှင် တောင်သူတွေကတော့ မြေယာစွန့်လွှတ်ထားပြီဖြစ်ပြီး လျော်ကြေးရရှိဖို့ မကြာခဏ ဆန္ဒပြတောင်းဆိုတာတွေ ရှိခဲ့ပါတယ်။ မြန်မာယန်စီကုမ္ပဏီဘက်ကတော့ မြေယာအားလုံး စွန့်လွှတ်မှသာ လျော်ကြေးပေးမယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။
၁၉၈၇ ခုနှစ်လောက်က စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းကြောင့် ဒေသခံရွာ ၁၁ ရွာက လယ်ယာမြေဧက ၆၀ဝ၀ ကျော် အသိမ်းခံခဲ့ရတာဖြစ်ပြီး ဧက ၂၃၀၀ ကျော်ကို လယ်ယာမြေလျော်ကြေးပေးဖို့ ကျန်ရှိနေတာ ဖြစ်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
အဲဒီအချိန်က ကံကုန်း၊ ဂုဏ်တော၊ ရွာသာ၊ ဝါးတန်း၊ တယ်ပင်ခံစတဲ့ ကျေးရွာတွေက လယ်ယာမြေတွေကို ကြေးစင်တောင်နဲ့ စပယ်တောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။