ဝမ်ပေါင်ကုမ္ပဏီ ရေမြောင်းတူးတာကို ဒေသခံတွေ ကန့်ကွက်
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင် စီမံကိန်းကနေ ရေမြောင်းတူးတာကို ဒေသခံတွေက ကန့်ကွက်တဲ့အတွက် အဲဒီလုပ်ငန်းကို ရပ်ဆိုင်းထားဖို့ မနေ့က ပြုလုပ်တဲ့ လက်ပံတောင်းတောင် စီမံကိန်း ပူးပေါင်းအကောင်ထည်ဖော်ဆောင်ရေး ကော်မတီအဖွဲ့ရဲ့ လစဉ်အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
-
2017-09-14 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင် စီမံကိန်းကနေ ရေမြောင်းတူးတာကို ဒေသခံတွေက ကန့်ကွက်တဲ့အတွက် အဲဒီလုပ်ငန်းကို ရပ်ဆိုင်းထားဖို့ မနေ့က ပြုလုပ်တဲ့ လက်ပံတောင်းတောင် စီမံကိန်း ပူးပေါင်းအကောင်ထည်ဖော်ဆောင်ရေး ကော်မတီအဖွဲ့ရဲ့ လစဉ်အစည်းအဝေးကနေ ဆုံးဖြတ်လိုက် တယ်လို့ သိရပါတယ်။
အဲဒီရေမြောင်းတူးဖော်တာကို ဒေသခံတွေဘက်က သဘောမတူတာကြောင့် တားထားတာဖြစ်တယ်လို့ အဲဒီကော်မတီမှာပါဝင်တဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစောမောင်က ပြောပါတယ်။
"ဒီရေမြောင်းက ကုမ္ပဏီနဲ့ ပြည်သူလူထုနဲ့ တဖက်နဲ့တဖက် နားလည်မှုလွဲတာပါဗျာ။ ပြည်သူလူထုက ဒါကို မကြိုက်ဘူးဆိုတော့ မနေ့ကလည်း အစည်းအဝေးမှာ တရားဝင် ဒါကြီးကို ဆက်မလုပ်ဖို့ဆိုပြီး အစည်းအဝေး ဆုံးဖြတ်ချက်ထဲမှာ ထည့်တားပါတယ်။ ကုမ္ပဏီကတော့ ဘာမှမပြောပါဘူး။ သူတို့ပြောတာက ဒီလိုပါ။ သူတို့က ရွာသူရွာသားတွေအတွက် စေတနာထားပြီး လုပ်တာပါပေါ့။ ရပ်ထားဆိုလည်း ရပ်ထားပ့ါမယ်ဆိုပြီး မနေ့က သူတို့လက်ခံပါတယ်"
ဝမ်ပေါင်ကုမ္ပဏီက ရေမြောင်းတူးတာကို ရပ်ဆိုင်းထားဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကစပြီး တားမြစ် ထားတာဖြစ်ပေမယ့် မနေ့ကလုပ်တဲ့ ကော်မတီအစည်းအဝေးပွဲမှာ ထပ်ပြီးဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီကော်မတီမှာ ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကုမ္ပဏီဘက်က တာဝန်ရှိသူတွေပါဝင်ပြီး လက်ပံတောင်းတောင်စီမံကိန်း အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေး စတာတွေကို ဆွေးနွေးကြတာလို့လည်း ပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောဆိုချက်အရ အဲဒီရေမြောင်းဟာ တောင်ပေါ်ကကျလာတဲ့ ရေနဲ့ ယာခင်းတွေထဲမှာ ဝပ်နေတဲ့ ရေတွေကို ဖောက်ချဖို့ တူးတာလို့ ဆိုပေမယ့် ဒေသခံတွေ ကန့်ကွက်နေတာကြောင့် ကော်မတီအနေနဲ့ ပိတ်သိမ်း ခိုင်းလိုက်တာလည်းလို့ သိရပါတယ်။
လက်ပံတောင်းတောင် စီမံကိန်းကနေ မြေလျော်ကြေးမယူထားတဲ့ မြေယာတွေကိုဖြတ်ပြီး ရေဆိုးစွန့်ပစ်ဖို့အတွက် ရေမြောင်းဖောက်လုပ်တာကို ကန့်ကွက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆားလင်းကြီး-ညောင်ပင်ကြီးကားလမ်းဘေး၊ တုံရွာနဲ့ ဆည်တည်းရွာကြားမှာ ဖောက်ထားတဲ့ရေမြောင်းကိုလည်း ဒေသခံတွေက ပြန်ပြီးမြေဖို့နေတယ်လို့လည်း သိရပါတယ်။