လက်ပံတောင်းတောင်စီမံကိန်းကို နည်းလမ်းအမျိုးမျိုးနဲ့ ကန့်ကွက်မယ် လို့ ဒေသခံတွေ ပြော

၀မ်ပေါင်ကုမ္ပဏီဟာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အစီရင်ခံကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အတွက် စီမံကိန်းကို နည်းလမ်းအမျိုးမျိုးနဲ့ ကန့်ကွက်သွားမယ်လို့ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေက ပြော ပါတယ်။

ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာမှာ ဧပြီလ ၂ ရက်နေ့ကဒေသခံတွေ သတင်းစာရှင်းလင်းနေစဉ် Photo: Hset Paing Toe/ RFA

ဝမ်ပေါင်ကုမ္ပဏီဟာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အစီရင်ခံကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အတွက် စီမံကိန်းကို နည်းလမ်းအမျိုးမျိုးနဲ့ ကန့်ကွက်သွားမယ်လို့ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ရှင်းလင်းပွဲကို မြေယာလျော်ကြေး မယူထားတဲ့ တောင်သူ ၅၀၀ နီးပါး ကိုယ်စား ၃ ဦးက ဦးဆောင် ရှင်းလင်းခဲ့တာဖြစ်ပြီး တုံရွာတောင်သူ ဒေါ်စန်းနွဲ့ အခုလိုပြောပါတယ်။

"အစီရင်ခံစာပါတဲ့ အချက်တိုင်းကို ဆောင်ရွက်ခြင်းမရှိဘဲနဲ့ လက်လွတ်စပယ်လုပ်နေမယ်ဆိုရင် ကျမတို့ နစ်နာနေတဲ့ သီးနှံနစ်နာကြေးကို မပေးဘူးဆိုခဲ့လို့ရှိရင်လည်း ဒီပြဿနာတွေက မလိုလားအပ်တဲ့ပြဿနာတွေက မကြာမကြာကိုလည်း ကြုံတွေ့ရမှာ အမှန်ကိုပဲရှင့်"

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က စီမံကိန်းထံ ပို့ဆောင်နေတဲ့ ကျောက်သယ်ယာဉ်တွေကို ရွာသားတွေက တားဆီးပိတ်ဆို့ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲ ခဲ့ရာမှာ ဒေသခံ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ရာဘာကျည်တွေအပြင် ခဲသီးကျည်တွေကိုပါ အသုံးပြုပြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ကြေးနီစီမံကိန်းဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ရေးဆွဲခဲ့တဲ့ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအစီရင်ခံစာအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မြေယာလျော်ကြေး မယူထားတဲ့ တုံရွာ၊ မိုးကြိုးပြင်၊ ဆည်တည်း၊ ဇီးတော အပါအဝင် စီမံကိန်း အနီးမှာရှိတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံတောင်သူတွေဟာ အစီရင်ခံစာပါအတိုင်း လျော်ကြေးပေးမှသာ လက်ခံသွားမှာဖြစ်တယ် လို့ ပြောကြပါတယ်။

အစီရင်ခံစာမှာပါတဲ့အတိုင်း မြေယာလျော်ကြေးမယူထားတဲ့ လယ်ယာမြေဧက ၁၉၀၀ အတွက် အစားထိုးမြေတွေ ပေးအပ်ဖို့ ဒေသခံတွေက တောင်းဆို ထားသလို အစားထိုးမြေ မပေးနိုင်ရင် မြေငှါးရမ်းခ တစ်ဧကကို ကျပ်ငွေ ၇ သိန်းနှုန်း နှစ်စဉ်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နှစ်ဘက်ညှိနှိုင်းခဲ့ပေမယ့် လက်ရှိအချိန်ထိ တစုံတရာအကြောင်းပြန်မှု မရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် စီမံကိန်းစွန့်ပစ်ရေတွေကြောင့် ချင်းတွင်းမြစ်နံဘေးက မြေနုကျွန်းတောင်သူတွေလည်း စိုက်ပျိုးမြေပျက်စီးမှုတွေနဲ့ ရင်ဆိုင်နေကြရတယ် လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org