မန္တလေးတိုင်း ညမထွက်ရ အမိန့် ပြန်လည်ရုပ်သိမ်း

မန္တလေးတိုင်းဒေသကြီးက မြို့နယ် ၇ ခုမှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မန္တလေးခရိုင် အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာက ဒီနေ့ ပြန်လည်ရုပ်သိမ်း လိုက်ပါတယ်။

အထက်မြန်မာနိုင်ငံ၊ မန္တလေးမြို့၏ စီးပွားရေး အချက်အချာ တစ်ခုဖြစ်သော ဈေးချိုနှင့် နာရီစင် မြင်ကွင်းကို တွေ့ရစဉ် Photo: AFP

မန္တလေးတိုင်းဒေသကြီးက မြို့နယ် ၇ ခုမှာ ထုတ်ပြန် ထားတဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မန္တလေးခရိုင် အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာက ဒီနေ့ ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

မန္တလေးမြို့ အခြေအနေဟာ တည်ငြိမ်လာပြီဖြစ်တဲ့ အတွက် ပုဒ်မ ၁၄၄ကို ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က ပြော ပါတယ်။

"ဒီနေ့ညနေ ၆ နာရီကနေစတင်ပြီး ရုပ်သိမ်းလိုက်တာ ပါ၊ မန္တလေးက အရင်လိုပဲ တည်ငြိမ်အေးချမ်းလာပါပြီ၊ ကျနော်တို့ ရုံးကနေပြီးတော့ ရုပ်သိမ်းတယ်ဆိုတဲ့ ဟာကို ဘယ်ကိုဖြန့်လဲဆိုတော့ မြို့နယ် ၇ မြို့နယ် လုံးမှာရှိတဲ့ မြို့နယ်ရုံးတွေ ထွေအုပ်ရုံးတွေဖြန့် တယ် နောက်ရပ်ကွက်ရုံးတွေကိုဖြန့်တယ်"

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ ဆူပူအကြမ်းဖက်မှုကြောင့် လူ ၂ ဦးသေဆုံးပြီး ဘာသာရေး အဆောက်အဦးတွေ၊ ဆိုင်ခန်းတွေနဲ့ ကားတွေ ပျက်စီးခဲ့ပါတယ်။

အဲ့ဒီဆူပူမှုကြောင့် ဇူလိုင်လ ၃ ရက်နေ့က ပုသိမ်ကြီး၊ ချမ်းမြသာစည်၊ အောင်မြေသာစည်၊ မဟာအောင်မြေစတဲ့ မြို့နယ် ၇ ခုမှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မန္တလေးမြို့ဆူပူမှုဟာ အမျိုးသမီးတစ်ဦး မတရားပြုကျင့်ခံရတယ်ဆိုတဲ့ လိမ်လည်တိုင်တန်းမှုကြောင့် အစပြုခဲ့တာဖြစ်ပြီး အဲ့ဒီ လိမ်လည်တိုင်တန်းမှုမှာ ပါဝင်ပတ်သက်သူ ၄ ဦးကို ဖမ်းဆီးထားပြီးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org