မန္တလေးမှာ ကိုဗစ်စစ်ဆေးရေးဂိတ် စောင့်ရမယ့်အမိန့် သံဃာတွေ ဖျက်သိမ်း
မန္တလေးတိုင်း သံဃနာယကအဖွဲ့က မန္တလေး ငါးမြို့နယ်က ကိုဗစ်စစ်ဆေးရေးဂိတ်တွေမှာ သံဃာ သုံးပါးစီ နေ့စဉ်စောင့်ကြပ်ဖို့ သြဂုတ်လ ၁၂ ရက်နေ့က ဆုံးဖြတ်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ညွှန်ကြားချက်ကို သံဃာနဲ့ ပြည်သူတွေ ဝိုင်းဝန်း ကန့်ကွက်ခဲ့ပြီးနောက် သြဂုတ်လ ၁၅ ရက်နေ့မှာ ပြန်လည်ပယ်ဖျက်လိုက်ပြီလို့ သိရပါတယ်။
-
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021-08-16 -
-
-
မန္တလေးတိုင်း သံဃနာယကအဖွဲ့က ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝိစိတ္တဘိဝံသ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့ အမိန့်မှာ သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးကနေ ကိုဗစ် -၁၉ စစ်ဆေးရေးဂိတ်တွေမှာ သံဃာသုံးပါးစီ နေ့စဉ်စောင့်ကြပ်ဖို့ ဆုံးဖြတ်ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာပဲ အဲဒီ အမိန့်ကို ပြန်လည်ပယ်ဖျက်ဖို့ ဘုရားကြီးတိုက်မှာ ကျင်းပတဲ့ သံဃာ့နာယကအဖွဲ့ အစည်းအဝေးက ဆုံဖြတ်ခဲ့တယ်လို့ မန္တလေးရှိ အမည်မဖော်လိုတဲ့ သံဃာတစ်ပါးက RFA ကို မိန့်ကြားပါတယ်။
“ဘုရားကြီးတိုက်မှာ သံဃနာယကတွေ အစည်းအဝေးလုပ်ကြတယ်။ ဒီကိစ္စတွေ ဆွေးနွေးကြတယ်။ ဆွေးနွေးကြတဲ့အခါ သံဃနာယက အဖွဲ့ဝင်ထဲမှာ ထီးလင်းတိုက်ထဲက ကိုယ်တော်တွေပါတယ်။ ဘုရားကြီးတိုက်ထဲက ကိုယ်တော်တွေ ပါတယ်။ ဝေဖန်မှုတွေ မြင့်တက်နေတယ် မဖြစ်သင့်ဘူး။ ဒါကို ပယ်ဖျက်ကြရအောင်ဆိုပြီး ဆုံးဖြတ်လိုက်တာ။ စကစရဲ့အာဏာကို မလွန်ဆန်နိုင်လို့ သူတို့ ဖြစ်စေချင်တဲ့အတိုင်း ပထမ ထုတ်ပြန်လိုက်တယ်။ နောက် ဝေဖန်မှုတွေမြင့်လာတော့ ဆရာတော်တွေက ရှောင်သွားတဲ့သဘောပေါ့”
လွတ်မြောက်နယ်မြေတစ်နေရာရှိ ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးပဉ္ဇင်း ဓမ္မမေတ္တာကလည်း အများပြည်သူနဲ့ သူတို့ သံဃာတွေ စုပေါင်းကန့်ကွက်ခဲ့လို့ အခုလို ပျက်ပြားသွားတာ ဖြစ်တယ်။ ကျောင်းတိုက်တွေမှာ ရှိတဲ့ နာယက ဆရာတော်တွေကလည်း ဒီအမိန့်ကို လက်မခံနိုင်ကြောင်း ထုတ်ဖော်မိန့်ကြားခဲ့ကြတယ်လို့ မိန့်ပါတယ်။
တဆက်တည်းမှာပဲ ဦးပဉ္ဇင်း ဓမ္မမေတ္တာက စစ်တပ်ခေါင်းဆောင်တွေဟာ သံဃနာယက ဆရာတော်တွေကို ဝတ္တုငွေကပ်လှူပြီး သူတို့ လိုချင်တဲ့ အမိန့်တွေကို ထုတ်ပြန်ဖို့ ပြောဆိုလုပ်ကိုင်လေ့ရှိတာကို ကိုယ်တွေ့မျက်မြင် ဖြစ်ပါတယ်လို့လည်း မိန့်ကြားပါတယ်။
“မြို့နယ်ဥက္ကဋ္ဌတစ်ပါးကို ဦးဇင်းကြုံတွေ့ခဲ့ဖူးတယ်။ စစ်တပ်အရာရှိတွေက သူတို့တွေကိုလာပြီး ချဉ်းကပ်တယ်။ ဘုန်းကြီးတွေကို ဒီလိုဒီလို ထုတ်ပြန်ပြီး လုပ်ပါလားဘုရား ဆိုပြီး.... ဒါမျိုးတွေ ချဉ်းကပ်တဲ့ စစ်တပ်က အသိုင်းအဝိုင်းကို ဦးဇင်းတို့ မြင်ခဲ့ဖူးတယ်။ လာကန်တော့လိုက်တာနဲ့ တပြိုင်နက် ပိုက်ဆံအနည်းဆုံး အဲဒီအချိန်ကဆို နှစ်သိန်းလောက် ကန်တော့တယ်။ ပြီးတော့ ထုတ်ပြန်ချက်တွေ လုပ်ပြီးရင်လည်း နောက်ထပ် ငါးသိန်းဖြစ်ဖြစ် လှူတာ ကပ်တာ ဦးဇင်းတို့ မျက်မြင်ကိုယ်တွေ့ ကြားသိခဲ့ရတယ်ပေါ့နော်”
အမည်မဖော်လိုတဲ့ မန္တလေးရှိ ဆရာတော်က ဘယ်လိုပဲ ဖိအားတွေ ရှိပေမယ့် အာဏာသိမ်းစစ်ကောင်စီကျဆုံးရေးအတွက် သူတို့ မန္တလေး သံဃသမဂ္ဂအနေနဲ့ နေ့စဉ်ဆက်လက် ဆန္ဒပြနေမှာ ဖြစ်တယ်လို့ မိန့်ပါတယ်။
"သံဃသမဂ္ဂဆန္ဒပြတာတွေကို သူတို့က လိုက်ပြီးတော့ ဖြိုချင်လို့လို့ ဦးဇင်းကမြင်တယ်။ သံဃာ့သမဂ္ဂကလဲ ဒီ ငါးမြို့နယ်ထဲမှာပဲ ဆန္ဒတွေ ပြနေတာဆိုတော့ အဲဒါကိုသူတို့က ဘုန်းကြီးအချင်းချင်း ကိုင်တွယ်စေချင်တဲ့ သဘောပေါ့။ ဦးဇင်းတို့ သံဃသမဂ္ဂ စစ်ကြောင်းက နေ့တိုင်းထွက်နေတယ်။ ပထမ ပရိတ်ရွတ်တယ်၊ ပြီးရင် လမ်းပေါ်ချီတက်ဆန္ဒပြတယ်၊ ညကျရင် ညသပိတ်ပေါ့၊ သံဃသမဂ္ဂက တနေ့ သုံးကြောင်း သုံးကြိမ် မင်းဆိုးမင်းညစ်တွေကို တော်လှန်နေကြတယ်"
အာဏာသိမ်း စစ်တပ်ဟာ သံဃာတွေကို နွေဦးတော်လှန်ရေးမှာ ပါဝင်ခြင်း မရှိအောင် ဖမ်းဆီးနှိပ်စက်ခြိမ်းခြောက်ခြင်း၊ ဆရာတော်ကြီးတွေကို လှူဖွယ်ဝတ္တုတွေ လှူဒါန်းပြီး သူတို့အကြိုက် ဆောင်ရွက်အောင် စည်းရုံးခြင်းစတဲ့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်လို့ ပြည်တွင်းပြည်ပရှိ သံဃာတွေက မိန့်ကြားကြပါတယ်။