မော်ကျွန်းလယ်သမားတွေ ထွန်တုံးတိုက်ပွဲ ဆက်လက်ဆင်နွှဲ
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်လျှာကျေးရွာ အနီးတဝိုက်က မြို့နယ်အာဏာပိုင်တွေ သိမ်းယူထားတဲ့ လယ်ယာမြေတွေမှာ ကျေးရွာ ၅ ရွာက လယ်သမား ၄ဝ ကျော်ဟာ ဒီကနေ့မှာလည်း ဆက်လက်ထွန်ယက် စိုက်ပျိုးခဲ့ကြပါတယ်။
-
2013-06-10 -
-
-
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်လျှာကျေးရွာ အနီးတဝိုက်က မြို့နယ်အာဏာပိုင်တွေ သိမ်းယူထားတဲ့ လယ်ယာမြေတွေမှာ ကျေးရွာ ၅ ရွာက လယ်သမား ၄ဝ ကျော်ဟာ ဒီကနေ့မှာလည်း ဆက်လက်ထွန်ယက်စိုက်ပျိုးခဲ့ကြပါတယ်။
၁၉၉၅-၁၉၉၆ ခုနှစ်လောက်ကတည်းက အကြောင်းအမျိုးမျိုးပြပြီး မြို့နယ်အာဏာပိုင်တွေဘက်က သိမ်းယူထားတဲ့ လယ်ယာမြေဧက ၄ဝဝ ကျော်ပေါ်မှာ မေလ ၃ဝ ရက်နေ့ကတည်းက စတင်ပြီး အလှည့်ကျ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေတာဖြစ်တယ်လို့ ဒေသခံလယ်သမားတွေကို ကူညီပေးနေတဲ့ ကိုကြည်လွင်က RFA ကို ပြောပါတယ်။
"တာဝန်ကျေစပါး မတတ်နိုင်ဘူးဆိုပြီးတော့ တစ်ချိန်က အာဏာပိုင်တစ်စုက အကြောင်းအမျိုးမျိုးပြပြီး သိမ်းခဲ့တဲ့လယ်ယာမြေတွေကို ထွန်တုံးတိုက်ပွဲဝင်တာဖြစ်ပါတယ်ခင်ဗျ၊ အာဏာပိုင်အဖွဲ့အစည်းအသီးသီးကို တိုင်ကြားပေမယ့် အာဏာပိုင်အဖွဲ့အစည်းအသီးသီးက ဖြေရှင်းပေးတာမရှိတဲ့အတွက် အခုလိုကျနော်တို့ဘက်ကနေပြီးတော့ ရတဲ့ထောင့်ကနေပြီးတော့ ကိုယ့်လယ်၊ ကိုယ့်ယာ၊ ကိုယ့်မြေ ပြန်ရရေးအတွက်ကို လုပ်ဆောင်လျှက်ရှိပါတယ်ခင်ဗျ၊ တကယ်နစ်နာနေတဲ့ တောင်သူတွေကို ပြန်ပြီးတော့ ငဲ့သောအားဖြင့် နိုင်ငံတော်သမ္မတကြီးကနေပြီးတော့ ညွှန်ကြားထားတဲ့အတိုင်း ပြန်ပြီးတော့ ဒီလယ်ယာမြေတွေကို လုပ်ပိုင်ခွင့်ရထားတဲ့ မူလလက်ငုတ် လယ်တောင်သူတွေကို ပြန်ပေးမယ်ဆိုရင်၊ အဲဒီအထိတော့ တိုက်မယ်ခင်ဗျ"
လယ်တွေကို သိမ်းယူပြီးနောက် အာဏာပိုင်တွေဘက်က လယ်သမားတွေကို သီးစားချလုပ်ကိုင်ခွင့်ပြုခဲ့ပေမယ့် အခုနှစ်မှာတော့ လုပ်ကိုင်ခွင့်မပြုတော့တဲ့အတွက် လယ်သမားတွေက လုပ်ကိုင်ခွင့်ပြန်လည်ရဖို့ အခုလို ထွန်တုံးတိုက်ပွဲ ဆင်နွှဲရတာလို့ လယ်သမားတွေက ပြောပါတယ်။
အောင်သုခ၊ ရေကျော်တိမ်၊ ကပ်သပေါင်း၊ ကျားဟုန်၊ မြစ်ကြီးပူးစတဲ့ ကျေးရွာတွေက လယ်သမားဦးရေ ၄ဝ ကျော်ဟာ မနက်ဖြန်မှာလည်း သုံးခွချွန်းကျေးရွာအုပ်စုတွင်းက လယ်မြေဧက ၃ဝဝ ကျော်အတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲဦးမှာဖြစ်တယ်လို့ သိရပါတယ်။